ဘရာဇီး ပထမဆုံး အမျိုးသမီးသမ္မတ ကျမ်းသစ္စာဆို

  • 2 ဇန်နဝါရီ 2011
Image caption ဘရာဇီးသမ္မတသစ် မစ္စစ် ရူးဆက်ဖ

ဘရာဇီး နိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ Dilma Rouseff ဟာ မနေ့က သမ္မတ အဖြစ် ကျမ်းသစ္စာ ကျိန်ဆို ခဲ့ပါတယ်။

ဘရာဇီး နိုင်ငံသားတွေကြားမှာ အရမ်းကို လူကြိုက်များခဲ့တဲ့ သူ့အရင် သမ္မတ Lula da Silva ဟာ ဘရာဇီး နိုင်ငံကို အုပ်ချုပ်ပုံကို အခြေခံကစ ပြုပြင် ပြောင်းလဲခဲ့တယ်လို့ သမ္မတသစ်က ကျမ်းသစ္စာ ကျိန်ဆိုပွဲ အခမ်းအနား မိန့်ခွန်းမှာ ပြောပြီး မစ္စတာလူလာ စခဲ့တဲ့ အခြေခံတွေပေါ်မှာ ဆက်ပြီး တည်ဆောက်သွားမယ်လို့ ပြောသွားပါတယ်။

ဘရာဇီးသမိုင်းရဲ့ အကြီးအကျယ်ဆုံးအချိန်ကို အခုရောက်နေတာဖြစ်ပြီး ဒါဟာ ခေတ်သစ်ရဲ့ အစလို့ သမ္မတသစ် က ပြောခဲ့ပါတယ်။

သူ့ရဲ့ ဦးစားပေး လုပ်ငန်းတွေဟာ အလွန်အမင်း ဆင်းရဲမွဲတေမှု အမြစ်ဖြတ်ရေးနဲ့ ကျန်းမာရေး၊ ပညာရေး ကဏ္ဍတွေမှာ တိုးတက်ကောင်းမွန်အောင် လုပ်ဆောင်ရေး ဖြစ်ပြီး တချိန်ထဲမှာ စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှုနှုန်းကို ဆက်ထိန်းသွားရေး ဖြစ်တယ်လို့ သမ္မတသစ် မစ္စစ် ရူးဆက်ဖက ပြောပါတယ်။

သူဟာ မစ္စတာလူလာရဲ့ အစိုးရ အဖွဲ့ထဲမှာ ဦးစီး အရာရှိချုပ် အဖြစ် အမှုထမ်းခဲ့ပြီး လုပ်ရည် ကိုင်ရည် ရှိတဲ့ ပညာတတ် အမျိုးသမီး အဖြစ် လူသိများလာခဲ့ပါတယ်။

ဒါပေမယ့်လည်း သူဟာ သူ့အရင် သမ္မတ လူလာရဲ့ လူချစ်လူခင်များမှုကိုတော့ မမှီ သေးဘူးလို့ သတင်းထောက်တွေက မှတ်ချက်ပေးကြပါတယ်။

ဘရာဇီးပြည်သူတွေကတော့ သမ္မတအသစ်၊ တိုးတက်ဖွံ့ဖြိုးလာနေတဲ့ စီးပွားရေး၊ နိုင်ငံတကာရဲ့ အသိအမှတ်ပြုမှုကို ခံလာနေရတဲ့ အခြေအနေ စတာတွေ အပေါ် မူတည်ပြီး ၂၀၁၁ ခုနှစ်ဟာ အကောင်းမြင်စရာတွေနဲ့ စခဲ့တယ်လို့ ယူဆကြပါတယ်။