အီဂျစ်မှာ ခရစ်ယာန်တွေနဲ့ ရဲတွေကြား အဓိကရုန်း ဖြစ်ပြီ

  • 3 ဇန်နဝါရီ 2011
Image caption လက်ဝါးကပ်တိုင်ပုံကို သွေးနဲ့ရေးပြီး ဆန္ဒပြနေသူ

အီဂျစ်နိုင်ငံ အလက်ဇန်းဒီယားမြို့က ခရစ်ယန် ဘုရားကျောင်းတခုကို ဗုံးခွဲ တိုက်ခိုက်ခံရလို့ ကော့ပ်တစ်ခ် ခရစ်ယန် ဘာသာဝင် ၂၁ယောက် သေဆုံးခဲ့ရပြီး နောက်တနေ့မှာ ဆန္ဒပြနေကြတဲ့ ခရစ်ယာန် ဘာသာဝင်တွေနဲ့ လုံခြုံရေး တပ်ဖွဲ့ကြား ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့ပါတယ်။

ခရစ်ယန်တွေကို ပိုမို အကာအကွယ် ပေးကြဖို့ အာဏာပိုင်တွေကို အလက်ဇန်းဒီယားမြို့နဲ့ ကိုင်ရိုမြို့က ခရစ်ယန် ဘာသာဝင် တွေက တောင်းဆိုခဲ့ ကြပါတယ်။

သူတို့နိုင်ငံရဲ့ ပြည်တွင်းရေးကိစ္စကို ခရစ်ယာန် ဘာသာ ပုပ်ရဟန်းမင်းကြီး ဘနာဒစ်ထ်က ဝင်ရောက်စွက်ဖက်နေတယ်လို့ အီဂျစ်နိုင်ငံက ထိပ်တန်း မွတ်ဆလင်ဘုန်းကြီး Sheikh Ahmed al-Tayeb က စွပ်စွဲပြောကြား လိုက်ပါတယ်။

အရှေ့အလယ်ပိုင်းက ခရစ်ယန်တွေကို ကာကွယ်ကြဖို့ ကမ္ဘာ့ ခေါင်းဆောင်တွေကို ပုပ်ရဟန်းမင်းကြီး ဘန်နာဒစ်ရဲ့ နှစ်သစ်ကူးအချိန်မှာ ပန်ကြားလိုက်တဲ့အပေါ်

အယ်အာဇာမွတ်ဆလင် ဘာသာရေး ခေါင်းဆောင် က ဝေဖန်ပြောကြား လိုက်ပါတယ်။

ဒီစွပ်စွဲချက်အပေါ် ခရစ်ယန် ဘာသာရေး ဆိုင်ရာ ဗာတီကန် ကျောင်းတော်က ပယ်ချခဲ့ပါတယ်။

အစောပိုင်းတုန်းကတော့ အလက်ဇန်းဒီးယား မြို့က ခရစ်ယန် ဘုရားကျောင်းမှာ ကော့ပ်တစ် ခရစ်ယန်တွေက စုပေါင်းပြီး ဆုတောင်းပွဲ ကျင်းပရာမှာ ဝမ်းနည်းပူဆွေးတွေ တွေရသလို ခရစ်ယန်တွေကို မွတ်ဆလင် စစ်သွေးကြွတွေက တိုက်ခိုက်မှုကို အစိုးရက ကောင်းကောင်း အကာအကွယ် မပေးနိုင်ခဲ့တဲ့အပေါ် ဒေါသထွက်နေကြတယ်လို့ သိရပါတယ်။

အာဏာပိုင်တွေ ကတော့ ဗုံးခွဲတဲ့ လက်သည် တရားခံဟာ သူတို့အခေါ်အရ နိုင်ငံခြား တိုင်းတပါးက ဖြစ်တယ်လို့ ဆိုနေပါတယ်။