စစ်ကိုင်း ကောင်းမှုတော် ဘုရားကြီးကို ရွှေသင်္ကန်း ကပ်နေပြီ

  • 3 ဇန်နဝါရီ 2011
kaunghmudaw
Image caption စစ်ကိုင်း ကောင်းမှုတော် ဘုရားကြီး

လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀၀ ကျော်ကတည်းက မြန်မာပြည်ရဲ့ အထင်ကရ တန်ခိုးကြီး စေတီတော်ကြီးတဆူ ဖြစ်တဲ့ စစ်ကိုင်းက ကောင်းမှုတော် ဘုရားကြီးကို ခေတ်အဆက်ဆက် ကဆက်ကပ် ပူဇော်ခဲ့တဲ့ ထုံးသင်္ကန်းအစား ရွှေရောင်သင်္ကန်း ပြောင်းလဲနေပြီ ဖြစ်ပါတယ်။

ဘုရား ဂေါပက ရဲ့အပြောအရတော့ ဗိုလ်ချုပ်မှူးကြီး ၁၉ ရက်ခရီးစဉ်မှာ ဘုရားကြီး က ရွှေ သင်္ကန်းနဲ့ ဆိုရင် ပိုသပ္ပါယ်မှာပဲ ဆိုပြီး ပြောခဲ့လို့ လုပ်နေကြတာဖြစ်ပါတယ်။ လောလောဆယ်မှာ ထုံးသင်္ကန်းကို အရင်ချွတ်ပေး နေတာ ထက်ဝက်ကျော်လောက် ပြီးစီးနေပြီဖြစ်ပါတယ်။ အောက်အဆင့် ၂ ဆင့်ကို စမ်းသုတ်ထားရာ ကောင်းကြောင်းနဲ့ နေရာင်ဟပ်တဲ့ အခါ ကြည်ညိုစရားကောင်းကြောင်းလဲ ပြောသွားပါတယ်။

ထုံးသင်္ကန်းကနေ ရွှေသင်္ကန်းကို ပြောင်းဖို့ အတွက် အကြမ်းဖျင်း ခန့်မှန်း ကုန်ကျငွေ သိန်း ၃ ထောင်လောက် ကုန်ကျမယ်လို့ ဂေါပက အဖွဲ့က ခန့်မှန်း ထားပါတယ်။

ကောင်းမှုတော် ဘုရားကြီးကို မြန်မာ သက္ကရာဇ် ၉၉၈ ခုနှစ်မှာ သာလွန်မင်းတရားကြီး က တည်ခဲ့ပြီး ရာဇမဏိ စူဠာ လို့ ဘွဲ့မည်ရပါတယ်။ ဉာဏ်တော် အမြင့် ၁၈၈ ပေရှိပြီး ၁၂ နှစ်ကြာအောင် တည်ဆောက်ခဲ့ရတာ ဖြစ်ပါတယ်။ စေတီတော် ကို ကျောက်ဆီမီးတိုင် ၈၀၂ တိုင် ဝန်းရံထားပြီး နံရံတွေ ပေါ်မှာ ဗုဒ္ဓဝင် ဇာတ်နိပါတ်တော်တွေကို မြန်မာ၊ မွန်၊ ရှမ်း ဘာသာတွေနဲ့ ရေးထိုးထားပါတယ်။