အာဖရိက ခေါင်းဆောင်တွေ အိုင်ဗရီကိုစ့် ရောက်လာ

  • 3 ဇန်နဝါရီ 2011
gbagbo
Image caption လောရင့်ဘက်ဘို

အိုင်ဗရီကိုစ့် သမ္မတ လောရင့်ဘက်ဘို ကို သမ္မတ ရာထူးကို စွန့်လွှတ်ဖို့ နဲ့ မလုပ်ခဲ့ရင် စစ်ရေးအရ အရေးယူ ခံရမယ် ဆိုတာကို အသိပေးဖို့ အတွက် အာဖရိကခေါင်းဆောင် တွေဟာ အိုင်ဗရီကိုစ့် နိုင်ငံကို ရောက်ရှိ လာနေ ကြပါတယ်။

မစ္စတာ ဘက်ဘိုကို ရာထူးကနေ နုတ်ထွက်ဖို့ ကမ်းလှမ်းမှု တစ်ခု ကိုလုပ်မှာဖြစ်ပြီး ဒီအထဲမှာ သူ့ကို တရားဝင် လွတ်ငြိမ်းခွင့် ပေးပြီး သူ့ ပိုင်ဆိုင်မှုတွေကိုလဲ ဘာမှ မထိဘူးလို့ ဆိုထားပါတယ်။

လက်မခံ ခဲ့ရင်တော့ သူဟာ စစ်ရေးနဲ့ အရေးယူ ခံရဖွယ်ရှိတယ်လို့ အာဖရိက ခေါင်းဆောင် တွေ ပါဝင်တဲ့ အဖွဲ့က အကြီးတန်း အဖွဲ့ဝင်တစ်ဦးက ပြောကြောင်း အာဘိဂျန်က ဘီဘီစီ သတင်းထောက်က သတင်း ပေးပို့ထားပါတယ်။

ဒါပေမယ့် မစ္စတာ ဘက်ဘိုကတော့ သဘောတူ လက်ခံမဲ့ အရိပ်အရောင် မပြဘူးလို့လဲ ဆိုပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ သမ္မတ ရွေးကောက်ပွဲမှာ မစ္စတာ ဘက်ဘို ရှုံးနိမ့်ခဲ့တဲ့ အတွက် ရာထူးကနေ နုတ်ထွက်ပြီး အနိုင်ရသူ အာလာဆန်း အိုတာရာကို ပေးဖို့ နိုင်ငံတကာက လိုလား နေကြတာ ဖြစ်ပါတယ်။

ဆီရဲရာ လီယွန်း ပြန်ကြားရေးဝန်ကြီး အီဘရာဟင် ဘန်ကာဘိုက အနောက်အာဖရိက နိုင်ငံများ အဖွဲ့က လိုအပ်ရင် အင်အားသုံးပြီး မစ္စတာဘက်ဘိုကို ဖယ်ရှားဖို့ ရှိတယ်လို့ ဆိုပါတယ်။

မစ္စတာ ဘန်ကာဘိုက လိုအပ်ရင် အင်အားသုံးဖို့ ကြေငြာချက် ထဲမှာလဲ ဖော်ပြခဲ့ပြီး ဖြစ်ကြောင်းနဲ့ ဒီအပေါ်မှာလဲ နားလည် သဘောပေါက်မယ်လို့ ထင်ကြောင်း၊ တကယ်လို့ မစ္စတာ ဘက်ဘို က ကမ်းလှမ်း ထားတာ တွေကို လက်မခံခဲ့ရင် အီကိုဝါစ့် ခေါ် အနောက် အာဖရိက နိုင်ငံများ အဖွဲ့အနေနဲ့ လိုအပ်တဲ့ အင်အားသုံး သွားမှာ ဖြစ်တယ်လို့ မစ္စတာ ဘန်ကာဘို က ပြောသွားတာ ဖြစ်ပါတယ်။