တောင်ပိုင်းဆူဒန် ခွဲထွက်ရေး၊ အများစု မဲပေးနိုင်

  • 4 ဇန်နဝါရီ 2011

ရှေ့အပတ်မှာ ပြုလုပ်မယ့် ဆူဒန်နိုင်ငံ တောင်ပိုင်း လွတ်လပ်ရေးအတွက် ဆန္ဒခံယူပွဲမှာ မဲဆန္ဒရှင်အများစုက ခွဲထွက်ရေးအတွက် မဲပေးဖို့ အလား အလာရှိနေရာ သမ္မတ အိုမာအဲလ်ဘာရှားက တိုင်းပြည် ၂ ခြမ်းကွဲသွားရင် သူ့အနေနဲ့ စိတ်မကောင်းဖြစ်ရပါလိမ့်မယ်လို့ ပြောကြား လိုက်ပါတယ်။

Image caption ပြည်သူလူထုရဲ့ ဆန္ဒကို လေးစားပါကြောင်း မစ္စတာ ဘာရှားကပြောပါတယ်

ဒါပေမယ့်လို့ နိုင်ငံ ၂ ခုဖြစ်သွားပေမယ့် ၂ ဖက်စလုံးမှာ စစ်မှန်တဲ့ ငြိမ်းချမ်းရေး တည်ဆောက်နိုင်မယ်ဆိုရင်တော့ ဒါဟာ ဝမ်းမြောက်ဖွယ်ဖြစ်ပါလိမ့်မယ်လို့ သူက ပြောပါတယ်။

တောင်ပိုင်းဆူဒန် မြို့တော် ဂျူးဘားကို ရောက်ရှိလာတဲ့ မစ္စတာ ဘာရှားက နိုင်ငံတော်ရုပ်မြင်သံကြားကနေ တိုက်ရိုက် မိန့်ခွန်းပြောကြားသွားခဲ့တာဖြစ်ပါတယ်။

မစ္စတာဘာရှား ဂျူးဘားကို ရောက်လာတော့ ကြိုဆိုပုံတွေက ထူခြားပါတယ်။ ''၁၉၃ နိုင်ငံမြောက် နိုင်ငံက ကြိုဆိုပါ၏'' လို့ ကြိုဆိုတဲ့ပုံစံမျိုးကတော့ ရက်ပိုင်းအတွင်း ကျင်းပ တော့မယ့် ဆန္ဒခံယူပွဲ မတိုင်ခင် ပြည်သူတွေအနေနဲ့ ဘာကို ဆန္ဒရှိတယ်ဆိုတာကို ထုတ်ဖော်ပြောဆို လိုက်တာလို့လည်း ပြောနိုင်ပါတယ်။

သမ္မတဘာရှားကတော့ ပြည်သူလူထုရဲ့ ဆန္ဒတွေကို သူ့အနေနဲ့ လေးစား အသိအမှတ် ပြုပါကြောင်းနဲ့ တောင်ပိုင်းအနေနဲ့ လွတ်လပ်ရေးကို ရွေးချယ်ရင်တောင်မှာ တောင်ပိုင်း ဆူဒန် တိုးတက်ရေးအတွက် အကူအညီပေးသွားမှာဖြစ်တယ်လို့ ထပ်လောင်းပြောကြား သွားပါတယ်။

သူဟာ သူပုန်ခေါင်းဆောင် တဖြစ်လဲ တစိတ်တပိုင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တောင်ပိုင်း သမ္မတ Salva Kiir နဲ့ ဆွေးနွေးစရာကိစ္စ တွေ အများကြီးရှိနေပါတယ်။ အထူးသဖြင့် ဆန္ဒခံယူပွဲအပြီး အရေးကြီးတဲ့ ဥပဒေရေးရာ ကိစ္စတွေ၊ နိုင်ငံသားဖြစ်တည်မှု ကိစ္စတွေနဲ့ သဘာဝအရင်း အမြစ် ခွဲဝေယူရေး ကိစ္စတွေ ဖြစ်ပါတယ်။

အာဖရိကတောင်ပိုင်းမှာ အကြီးဆုံးနိုင်ငံတခုအနေနဲ့ အခုလို ခွဲထွက်မယ့်ကိစ္စ ဟာ အတည်ဖြစ်ခဲ့မယ်ဆိုရင်တော့ Eritrea က Ethiopia ကနေ ၁၉၉၃ ခုနှစ်မှာ ခွဲထွက်လို့ နိုင်ငံသစ်အဖြစ် ရပ်တည်ပြီးနောက်ပိုင်းမှာ အာဖရိကတိုက်မှာ နောက်ထပ်နိုင်ငံသစ်တခု ထွက်ပေါ်လာမယ့် သဘော ဖြစ်ပါတယ်။

တကယ်တော့ ဆူဒန်ဟာ ပြီးခဲ့တဲ့ ၁၉၅၆ ခုနှစ်က ကိုလိုနီနိုင်ငံအဖြစ်ကနေ လွတ်မြောက်ပြီး ဒီကနေ့အထိ တွက်မယ်ဆိုရင် လွတ်လပ်ခဲ့တဲ့ကာလ ၅၅ နှစ် အတွင်းမှာ နှစ်ပေါင်း ၄၀ က ပြည်တွင်းစစ် ဖြစ်နေခဲ့တာပါ။

ဆူဒန်ဟာ အာရပ်ကမ္ဘာနဲ့ အာဖရိကဆုံတဲ့နေရာဖြစ်ပြီးတော့ ခရစ်ယာန် ဘာသာကလည်း ထိုးဖောက်လာတဲ့ နိုင်ငံတခု ဖြစ်ပါတယ်။ နောက်ပြီး ရေအရင်းအမြစ်၊ အစားအစာနဲ့ တခြားအရင်းအမြစ်တွေအတွက် ပြဿနာတွေ၊ အကြမ်းဖက်မှုတွေ ဖြစ်နေတဲ့ နေရာလည်း ဖြစ်ပါတယ်။

ဆူဒန်ကို အစဉ်အဆက် အုပ်ချုပ်သူတွေဟာ စစ်တပ်ကို အားကောင်းအောင် အမြဲတန်း လုပ်ထားခဲ့ပြီး တိုင်းပြည်ကို ကွဲမထွက်အောင် အတင်း အုပ်ချုပ်ထားတာပါ။

အခုတော့ ဆူဒန်ရဲ့ ဒုတိယပြည်တွင်းစစ်မီး ချုပ်ငြိမ်းခဲ့တဲ့ ၂၀၀၅ ခုနှစ်မှာ ချုပ်ဆိုခဲ့တဲ့ ငြိမ်းချမ်းရေးသဘောတူညီချက်အရ တောင်ပိုင်းဆူဒန်အနေနဲ့ လွတ်လပ်ရေးယူပြီး ခွဲထွက် မလားဆိုတာကတော့ ဆန္ဒခံယူပွဲအဖြေအရ ရှောင်လွှဲမရတော့တဲ့ အနေအထား ဖြစ်ပါတယ်။

ဖွံ့ဖြိုးတည်ငြိမ်ပြီး ကြွယ်ဝတဲ့ တိုင်းပြည်သစ်တခု တည်ထောင်ဖို့ဆိုတာဟာ မလွယ်ဘူး ဆိုတာကတော့ တောင်ပိုင်းဆူဒန်က ခေါင်းဆောင်တွေ သိကြမှာ ဖြစ်ပါတယ်။

သူတို့အနေနဲ့ Eritrea ကို ကြည့်လိုက်မယ်ဆိုရင် အခက်အခဲတွေ ဘယ်လောက်ရှိတယ်ဆိုတာ ကို တွေ့နိုင်မှာပါလို့ ဘီဘီစီသတင်းထောက် Adam Mynott က သုံးသပ်ထားပါတယ်။