UN ရုံးရှေ့ မှာ လက်ပစ်ဗုံးကိုင် ဆန္ဒပြသူ နောက်ဆုံးမှာ လက်နက်ချ

  • 4 ဇန်နဝါရီ 2011
bomb_un
Image caption ဗုံး နဲ့ တန်ဆာခံ ဖမ်းပြီး ကုလရုံး ရှေ့မှာ ဆန္ဒ ပြတာ ဖြစ်ခဲ့

သူ့ကိုယ်သူ ဒီကေဘီအေ ကရင်တပ်ဖွဲ့ဝင် တဖြစ်လဲ လက်ရှိ BGF နယ်ခြားစောင့် တပ်သား တစ်ယောက် လို့ ပြောတဲ့ လူ တစ်ယောက် ဟာ အင်္ဂါနေ့ မနက် က မဲဆောက် ဒုက္ခသည်များ ဆိုင်ရာ ကုလ သမဂ္ဂ မဟာ မင်းကြီးရုံး UNHCR ရုံးရဲ့ ရှေ့မှာ ထိုင်း ဆိုင်ကယ် တက္ကစီ သမား တစ်ယောက် ကို တန်ဆာခံ အဖြစ် ဖမ်းဆီး ကာ လက်ပစ်ဗုံး ၂ လုံး ကိုင်ဆောင်ပြီး ဆန္ဒပြ ခဲ့ပါတယ်။

အဲဒီ နေရာကို ရောက်သွားတဲ့ ဘီဘီစီ သတင်းထောက် က ဆန္ဒပြဖို့ ကြိုးစား တဲ့သူ ဟာ မနက် ၈ နာရီခွဲ ဝန်းကျင်မှာ ကုလသမဂ္ဂ မဟာမင်းကြီး ရုံးရှေ့ ၅ ကိုက်လောက် အကွာ မှာ ဆိုင်ကယ် တစ်စီး ရပ်ထား တာကို တွေ့ရပြီး ဆိုင်ကယ်ပေါ် ထိုင်နေတဲ့ တက္ကစီ အမောင်း သမား ကို စေါသံမဏိ ခေါ် စေါထိန်လင်း ဆိုသူက နောက်ကနေ သိုင်းဖက် ထားပြီး လက်ထဲမှာ လုံခြုံရေးပင် ဖြုတ်ထားတဲ့ လက်ပစ်ဗုံးတွေ ကို လည်း အသင့်ကိုင် ထားတာ တွေ့ရတဲ့ အကြောင်းနဲ့ ထိုင်းရဲတွေ က လမ်းနှစ်ဘက်မှာ ပိတ် ထားပြီး လက်ဖြောင့် သေနတ် သမားတွေ ကလည်း နေရာယူ ထားတာ ကို တွေ့ရတယ် လို့ သူ က ပြောပါတယ်။

မဲဆောက် မြို့တော်ဝန် လည်း အဲဒီနေရာ ကို ရောက်လာပြီး ဆန္ဒပြသူ ကို စကားပြန် နဲ့ မေးတဲ့အခါ သူဟာ KNU ပဲဖြစ်စေ DKBA ပဲ ဖြစ်စေ BGF ပဲ ဖြစ်စေ မလုပ်ချင် တော့တဲ့ အကြောင်း၊ ၂၀၁၀ ရွေးကောက်ပွဲ ဟာ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ အပြောင်း အလဲ ဖြစ်စေမှာ မဟုတ်ဘူး ဆိုတာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် ကို ကိုယ်တိုင် ပြောချင်ကြောင်းနဲ့ ပြောပြီး ရင် လက်နက်ချ မယ်လို့ ပြန်ဖြေ ခဲ့ပါတယ်။

ပတ်ဝန်းကျင်က အထိတ်တလန့် ဖြစ်နေ စဉ်မှာပဲ ဗုံးကိုင် ဆန္ဒပြသူ ကို မဲဆောက် မြို့ပိုင် က စေ့စပ် ဆွေးနွေးတဲ့ အခါ သူ့ အနေနဲ့ လက်နက် ချရင် မြန်မာအစိုးရ ဆီလွှဲ မပေးဖို့ ၊ DKBA လက်ထဲလည်း မအပ်ဖို့ တောင်းဆိုပြီး ထိုင်း ဖက် က လိုက်လျောတဲ့ နောက် ပိုင်း မှာတော့ အသာတကြည် လက်နက်ချ သွားခဲ့ တယ်လို့ ဘီဘီစီ သတင်းထောက် က ပြောပါတယ်။