အမေရိကန် အောက်လွှတ်တော် ရီပါ့ဘလစ်ကန်တွေ လွှမ်းမိုး

  • 6 ဇန်နဝါရီ 2011
Image caption အောက်လွှတ်တော် ဥက္ကဌ ဖြစ်လာတဲ့ John Boehner

အမေရိကန် ပြည်ထောင်စုမှာ လေးနှစ်အတွင်း ပထမဆုံးအကြိမ် အဖြစ် ရီပါ့ဘလစ်ကန်တွေက အောက်လွှတ်တော်ကို ပြန်လည် လွှမ်းမိုး ထိန်းချုပ် နိုင်ခဲ့ပါပြီ။

သမ္မတ သက်တမ်းတဝက်မှာ ကျင်းပတဲ့ ရွေးကောက်ပွဲမှာ သမ္မတ အိုဘားမားရဲ့ ဒီမိုကရက်တစ်ပါတီက အကြီးအကျယ် ရှုံးနိမ့်ခဲ့ပြီး အောက်လွှတ်တော် အမတ်နေရာ အများစုကို ရီပါ့ဘလစ်ကန်တွေက အနိုင်ရခဲ့တာကြောင့် လွှတ်တော်အတွင်း လွှမ်းမိုးနိုင်တဲ့ အာဏာဟာ ရီပါ့ဘလစ်ကန်တွေ လက်ထဲ ရောက်သွားတာ ဖြစ်ပါတယ်။

တိုင်းပြည်မှာ တင်နေတဲ့ အကြွေး ပြဿနာကို ဖြေရှင်းဖို့ ရှေ့ဆက်ရမယ့် ခရီးမှာ ခက်ခဲတဲ့ ဆုံးဖြတ်ချက်တွေ ချရတော့မယ်လို့ လွှတ်တော်ဥက္ကဌ ရာထူးအတွက် ကျမ်းသစ္စာ ကျိန်ဆိုပြီးနောက် ဂျွန်ဘေနာက ပြောကြားလိုက်ပါတယ်။

အစိုးရရဲ့ ဘတ်ဂျက် အသုံးစရိတ် အပါအဝင် တခြားအရေးပါတဲ့ ကိစ္စတွေမှာ ပါတီနှစ်ခုကြား အငြင်းပွားမှုတွေ ကြုံတွေ့ရနိုင်တယ်လို့ ဝါရှင်တန်မြို့က ဘီဘီစီ သတင်းထောက်က ပြောပါတယ်။