မိအို ဘအိုတွေ ကို ပြန်ကြည့် သင့်

  • 6 ဇန်နဝါရီ 2011

တရုတ် နိုင်ငံမှာ အသက်ကြီးရင့် လာကြတဲ့ မိဘ တွေကို သားသမီးတွေက မဖြစ်မနေ သွားရောက် ကြည့်ရှု စောင့်ရှောက် ကြအောင် ဥပဒေ အရ လုပ်ဆောင် ဖို့ တရုတ် အစိုးရက စဉ်းစားနေတယ် ဆိုတဲ့ သတင်းတွေ ပေါ်ထွက် လာပါတယ်။

Image caption တရုတ် သက်ကြီးရွယ်အို အများစုက တစ် ယောက် ထဲ နေကြရ

ဒါဟာ တရုတ် နိုင်ငံ အတွင်း သက်ကြီးရွယ်အို လူဦးရေ ပို များပြားလာတဲ့ ပြဿနာကို ကိုင်တွယ် ဖြေရှင်း ဖို့ ကြိုးပမ်းမှု တစ်ရပ်လည်း ဖြစ်ပါတယ်။ တရုတ် နိုင်ငံမှာ လူငယ် လူရွယ်တွေဟာ မိဘတွေနဲ့ ပတ်သက်ပြီး သူတို့ စိတ်ထဲမှာ အပြစ်ရှိသလို၊ နောင်တရသလို ခံစားနေကြရပါတယ်။

တရုတ် ရိုးရာ ယဉ်ကျေးမှု ထုံးတမ်း စဉ်လာ တွေက သားသမီးတွေဟာ အသက်ကြီးရင့် လာကြတဲ့ မိဘတွေကို ပြန်လည် စောင့်ရှောက် ကြဖို့ လိုတယ်ဆိုပြီး ဆုံးမ သွန်သင်ကြ ပါတယ်။ ဒါပေမဲ့ ခေတ်မီ တိုးတက်လာမှု နဲ့ စီးပွားရေး ဖွံ့ဖြိုး တိုးတက်လာမှု တွေက ခိုင်မာတဲ့ မိသားစု နှောင်ကြိုး တွေကို လျော့ရဲ လာစေခဲ့ပါတယ်။

တရုတ် အစိုးရ အရာရှိ တစ်ယောက်က တော့ ဥပဒေမူကြမ်း ပြင်ဆင်ချက် တစ်ရပ် အရ သားသမီး တွေရဲ့ ပစ်ပယ်မှု ခံကြရသူ သက်ကြီး ရွယ်အိုတွေ အနေနဲ့ သူတို့ဟာ ကိုယ်ရော စိတ်ပါ ပြုစု စောင့်ရှောက် ခံရမယ့် အခွင့် အရေး ရှိတယ် ဆိုတာ တရားရုံး ကို သွားရောက်ပြီး လျှောက်ထားနိုင် မှာ ဖြစ်တယ်လို့ တရုတ် သတင်း မီဒီယာ မှာ ပြောခဲ့ ပါတယ်။

တရုတ် နိုင်ငံမှာ ရှိတဲ့ လူဦးရေ စုစုပေါင်းရဲ့ ရှစ်ပုံ တစ်ပုံဟာ အသက် ခြောက်ဆယ်ကျော် အရွယ်တွေ ဖြစ်ကြပြီး အဲဒီထဲက ထက်ဝက်ကျော်ဟာ တစ်ယောက်ထဲ နေထိုင်ကြရသူတွေ ဖြစ်ပါတယ်။

ပြည်တွင်းမှာ နေရာ ပြောင်းရွှေ့ နေထိုင်မှု တွေကြောင့် သူတို့ သားသမီးတွေဟာ မိုင်ပေါင်း ရာနဲ့ ချီပြီး ဝေးတဲ့ နေရာမျိုးမှာ ရောက်နေနိုင်ကြပါတယ်။ ဒီလို အခြေ အနေမျိုးမှာ သားသမီး မြေးမြစ် တွေနဲ့ ပြန်လည် ဆုံတွေ နိုင်ဖို့ ဆိုတာဟာ ပိုတောင်မှ အလှမ်းကွာဝေး လာပါ တော့တယ်။

Image caption တရုတ် နိုင်ငံမှာ တစ် အိမ်ထောင် ကလေး တစ် ယောက် မူကို ကြာရှည် ကျင့်သုံးခဲ့

မိသား တစ်စုကို သားသမီး တစ်ယောက် တည်း သာ ယူရမယ်ဆို ပြီး ဆယ်စု နှစ်ပေါင်း များစွာ ကျင့်သုံး လာတဲ့ မူကြောင့်လည်း သက်ကြီး ရွယ်အိုတွေကို ပြန်လည် ထောက်ပံ့နိုင်မယ့် အလုပ် လုပ်နိုင်သူ ဦးရေ နည်းပါးလာစေတဲ့ အကြောင်းလည်း ဖြစ်ပါတယ်။

ဘိုးဘွား ရိပ်သာတွေ ပိုများပြားလာတဲ့ အချိန်မှာပဲ အသက်ကြီးရင့်သူတွေ သူတို့ တိုက်ခန်းထဲမှာ လူမသိ သူမသိ သေဆုံးနေတဲ့ အကြောင်းတွေကြားလာရတဲ့ အတွက် အာဏာပိုင်တွေကို အထိတ် တလန့် ဖြစ်စေခဲ့ ပါတယ်။

ရှေ့နေ တစ်ယောက်ကတော့ အဆိုပြုတဲ့ ဥပဒေသစ်ကို လက်တွေ့ကျင့်သုံးဖို့ ခက်ခဲနိုင်တယ်၊ လူတွေကို စာရိတ္တပိုင်းဆိုင်ရာ ခိုင်မာအောင် ပညာပေးတာက ပိုကောင်း လိမ့်မယ်လို့ တရုတ် သတင်းမီဒီယာမှာ ပြောသွားခဲ့တယ်လို့ ဘီဘီစီ သတင်းထောက် ဗီဗီယန် မာ့ရှ်က ပြောပါတယ်။