ဂျာမဏီ မွေးမြူရေးခြံ ငါးထောင် ပိတ်ရ

  • 7 ဇန်နဝါရီ 2011

ဓါတုအဆိပ်သင့် နေတဲ့ ဂျာမဏီ နိုင်ငံထုတ် လယ်ယာထွက်ကုန် တချို့ဟာ ဗြိတိန် နဲ့ နယ်သာလန် နိုင်ငံတို့က စားကုန် ရောင်းချတဲ့ ကုမ္ပဏီတွေ ဆီကို ပါ ရောက်ရှိ သွားခဲ့ပြီး ဖြစ်နိုင်တယ် ဆိုတဲ့ စိုးရိမ်မှုတွေ ကြားမှာ နိုင်ငံတဝန်းက မွေးမြူရေးခြံ ငါးထောင် နီးပါးကို ဂျာမန် အာဏာပိုင်တွေက ပိတ်လိုက်ပါတယ်။

Image caption ဒိုင်အောက်ဆင် ပါဝင်နေဖွယ် ရှိတယ်လို့ ယူဆ ရတဲ့ ကြက်ဥ

ဂျာမဏီ နိုင်ငံက စက်ရုံ တစ်ခုကနေ ထွက်တဲ့ ဓါတု ဘေးထွက်ပစ္စည်း တွေဟာ တိရစ္ဆာန် အစာ တွေထဲကို မှားယွင်း ရောနှောမိ သွားတာ တွေ့ရတယ်လို့ ဂျာမန် အရာရှိ တွေက ပြောပါတယ်။ အဲဒီ အစာတွေကြောင့် ကြက်ဥ တွေထဲမှာ ကင်ဆာ ရောဂါ ဖြစ်ပွား နိုင်ခြေတဲ့ ဒိုင်အောက်ဆင် ခေါ် ဓါတု အဆိပ်သင့် ပစ္စည်းတွေ ပါသွားစေခဲ့ ပါတယ်။

အဲဒီလို အဆိပ်သင့်တဲ့ ကိစ္စကို ပြီးခဲ့တဲ့ မတ်လ လောက် ကတည်းက သိရှိ ခဲ့ကြတာ ဖြစ်ကောင်းဖြစ်နိုင် ပေမဲ့ သတင်း ထုတ်ပြန်ခဲ့ခြင်း မရှိဘူးလို့ ဂျာမဏီ အရာရှိတွေက ပြောပါတယ်။

ဗြိတိန် က ကျန်းမာရေး တာဝန်ခံတွေက စမ်းသပ်မှုတွေ လုပ်နိုင်ဖို့ အတွက် နိုင်ငံ တွင်းကို ဝင်လာတဲ့ အကာနဲ့ အနှစ် ခွဲပြီးသား ကြက်ဥတွေ ဘယ်ကို ပျံ့နှံ့ ရောက် သွားတယ် ဆိုတာ ကြိုးပမ်း ရှာဖွေ နေတယ်လို့ ပြောပါတယ်။

ဥရောပက ကျန်းမာရေး တာဝန်ခံတွေကတော့ အခု အဆိပ်သင့်မှုဟာ လူတွေ အတွက် အန္တရာယ် သိပ်မရှိဘူးလို့ ပြောပါတယ်။ ကျန်းမာရေးနဲ့ စားသုံးသူ များဆိုင်ရာ ဥရောပ ကော်မရှင် ရဲ့ မူဝါဒရေးရာ ပြောခွင့်ရသူ ဖရက်ဒရစ် ဗင်းဆင့် က ဂျာမဏီ ထွက် လယ်ယာထွက်ကုန် တွေမှာ ဒိုင်အောက်ဆင် ပါရှိတဲ့ အဆင့်ဟာ လူတွေရဲ့ ကျန်းမာရေး အတွက် အန္တရာယ် မဖြစ်နိုင်ဘူးလို့ ဂျာမဏီ နိုင်ငံက စာသုံးသူများ ရေးရာ ဌာန ရဲ့ အပြောကို ကိုးကား ပြောပါတယ်။

အဲဒီ အဆိပ်သင့် ကြက်ဥတွေအများကြီးကို စားသုံးမိမှ ဒါမှ မဟုတ် အဲဒီ ကြက်ဥတွေ ကို ထည့်သွင်းစီမံထားတဲ့ စားစရာတွေ အမြောက်အများကို စားသုံးမိ ရင်သာ အန္တရာယ် ဖြစ်နိုင် ပါလိမ့်မယ်လို့ ဥရောပ ကော်မရှင် ရဲ့ မူဝါဒရေးရာ ပြောခွင့်ရသူ က ဆက်ပြောပါတယ်။