ကျူးကျော်သူတွေကို မော့တာ့ဒါ အဲလ်ဆာဒါး ရှုတ်ချ

  • 8 ဇန်နဝါရီ 2011

အီရတ်နိုင်ငံက သြဇာအရှိန်အဝါကြီးမားတဲ့ ဘာသာရေးခေါင်းဆောင် မော့တာ့ဒါ အဲလ်ဆာဒါးက အမေရိကန်တို့ရဲ့ ကျူးကျော်မှုကို ခုခံကာကွယ်ကြဖို့ သူ့အပေါ် ထောက်ခဲ့သူတွေအား တောင်းဆိုလိုက်ပါတယ်။

Image caption ကျူးကျော်မှုကို ခုခံကာကွယ်ရာမှာ နည်းလမ်း များစွာ ရှိတယ်လို့ ပြောပါတယ်

ကျူးကျော်ဝင်ရောက်သူတွေကို မမေ့ဖို့ လိုအပ်ကြောင်းနဲ့ သူတို့ကို စစ်ရေး၊ ယဉ်ကျေးမှုနဲ့ တခြားခုခံတဲ့ နည်းလမ်း အားလုံးကို အသုံးပြုပြီး ဆက်လက် ခုခံ ကာကွယ်သွားမှာ ဖြစ်တယ်လို့ မစ္စတာ အဲလ်ဆာဒါးက ပြောပါတယ်။

ဒါပေမယ့်လို့ လက်နက်ကိုင်ဆောင်တဲ့ ကိစ္စမျိုးနဲ့ ပတ်သက်ပြီးတော့ သူက သတိပေးလိုက်ပါ တယ်။ လက်နက်ကိုင်ဆောင်ဖို့ သတ်မှတ် ရွေးချယ်ထားသူတွေသာ လက်နက် ကိုင်သင့်တယ်လို့ သူကဆိုပါတယ်။

ကျူးကျော်မှုကို ခုခံကာကွယ်ရာမှာ များစွာသောနည်းလမ်းတွေရှိတယ်လို့လည်း ပြောပါ တယ်။

မော့တာ့ဒါ အဲလ်ဆာဒါးဟာ သူ့သဘောနဲ့သူ အီရန်နိုင်ငံမှာ ၄ နှစ်ကျော်ကြာ သွားရောက် နေထိုင်ခဲ့ပြီး၊ အခုအီရတ်ကို ပြန်လာချိန်မှာ ပထမဦးဆုံး လူထုကို မိန့်ခွန်း ပြောကြားခဲ့တာ ဖြစ်ပါတယ်။

အခုလို ပြင်းထန်တဲ့ ပြောဆိုမှုတွေ ရှိလင့်ကစား အဓိကရည်ရွယ်ချက်ကတော့ အီရတ်နိုင်ငံ ညီညွတ်ရေးနဲ့ အမျိုးသား ပြန်လည်ရင်ကြားစေ့ရေး အတွက်ဖြစ်တယ်လို့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

မစ္စတာ အဲလ်ဆာဒါးက အခုလက်ရှိ အစိုးရသစ်နဲ့ အတူတကွ လက်တွဲလုပ်ဆောင်ဖို့ သူ့ကို ထောက်ခံသူတွေအား တိုက်တွန်းလိုက်ပါတယ်။

အခုအစိုးရမှာ သူတို့ဘက်က ဝန်ကြီးနေရာ ၇ နေရာ ရရှိထားတာဖြစ်ပါတယ်။