အမေရိကန် ကာကွယ်ရေး ဝန်ကြီး တရုတ်နိုင်ငံကို ရောက်

  • 10 ဇန်နဝါရီ 2011
china gates
Image caption အမေရိကန်တို့ မစိုးရိမ်ကြဖို့ တရုတ်ပြော

တရုတ်နဲ့ အမေရိကန် နှစ်နိုင်ငံ အကြား တင်းမာမှုတွေ လျော့ကျသွားစေရေး ရည်ရွယ်တဲ့ ခရီးစဉ် အဖြစ် အမေရိကန် ကာကွယ်ရေး ဝန်ကြီး Robert Gates ဟာ ဘေဂျင်းမြို့မှာ ရောက်ရှိနေပါတယ်။

မစ္စတာ Gatesနဲ့ တွေ့ဆုံ ဆွေးနွေး အပြီးမှာ တရုတ် ကာကွယ်ရေး ဝန်ကြီး Liang Guanglie က တရုတ်နိုင်ငံရဲ့ စစ်ဖက်ဆိုင်ရာ တိုးချဲ့ မှုဟာ ကမ္ဘာ့နိုင်ငံတွေအတွက် စိုးရိမ်စရာ အန္တရာယ် တခု မဟုတ်ပါဘူးလို့ ပြောကြားလိုက်ပါတယ်။

တရုတ်နိုင်ငံဟာ တခြား ခေတ်မှီ ကမ္ဘာ့နိုင်ငံတွေနဲ့ ယှဉ်ရင် လက်နက် နည်းပညာ အရ ဆယ်စုနှစ်ပေါင်း များစွာ ခေတ်နောက်ကျ ကျန်နေခဲ့တယ်လို့ ပြောပါတယ်။

ဒါပေမဲ့ ပြီးခဲ့တဲ့ လပိုင်းလောက်ကတော့ တရုတ်နိုင်ငံရဲ့ တိုက်ချင်းပစ် မစ်ဆိုင်းဒုံး အပါအဝင် စစ်ရေး စီမံကိန်းသစ်တွေနဲ့ ပတ်သက်လို့ စိုးရိမ်မကင်း ဖြစ်မိတယ်လို့ အမေရိကန်တာဝန်ရှိ ပုဂ္ဂိုလ်တွေက ထုတ်ဖေါ် ပြောခဲ့ပါတယ်။

အဲဒီ တိုက်ချင်းပစ် မစ်ဆိုင်းဒုံးက အမေရိကန် လေယာဉ်တင် သင်္ဘောတွေကို ချေမှုန်းပစ် နိုင်စွမ်း ရှိပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်က ထွက်ပေါ်လာခဲ့တဲ့ ဓါတ်ပုံသစ်တွေမှာလည်း ရေဒါနဲ့ ထောက်လှမ်းလို့ မရနိုင်တဲ့ stealth ဂျက်လေယာဉ် လို အမျိုးအစားတူ ဂျက်လေယာဉ်မျိုး ကို တရုတ်နိုင်ငံက ထုတ်လုပ်ခဲ့တယ်လို့ တွေ့ခဲ့ရပါတယ်။

ဒါပေမဲ့ တရုတ်အစိုးရကတော့ သူတို့ရဲ့ စစ်ရေးတိုးချဲ့ ထုတ်လုပ်မှုဟာ ငြိမ်းချမ်းတဲ့ ရည်ရွယ်ချက် သက်သက် ဖြစ်တယ်လို့ ပြောနေပါတယ်။

တခါ တရုတ်တို့ဖက်က ကြည့်ရင်လည်း မနှစ်တုန်းက ထိုင်ဝမ်ကို အမေရိကန်တို့က လက်နက်တွေ ရောင်းချခဲ့တဲ့အတွက် တရုတ် အစိုးရက အကြီးအကျယ် ဒေါသ အမျက် ထွက်ခဲ့တာပါ။

ဒါ့အပြင် အာရှဒေသ တဝှမ်းမှာ အမေရိကန်က စစ်ရေး မဟာမိတ်တွေ တိုးချဲ့ လုပ်လာ ခြင်းအားဖြင့် တရုတ်နိုင်ငံကို ပတ်လည်ဝိုင်း ပိတ်ဆို့ဖို့ ကြိုးစားနေတယ် ဆိုပြီး တရုတ်အစိုးရဖက်က စိုးရိမ်မှုတွေ ရှိနေတယ်လို့လည်း ဆိုပါတယ်။

ဒီကနေ့ စတင်တဲ့ သုံးရက်ကြာ ခရီးစဉ် ပြီးရင် မစ္စတာ ဂိတ်စ်ဟာ တောင်ကိုးရီးယားနဲ့ ဂျပန်နိုင်ငံတွေဆီ သွားရောက်မှာ ဖြစ်ပြီး မြောက်ကိုးရီးယားကိစ္စ အကြောင်း အဓိကထား ဆွေးနွေးမယ်လို့ သိရပါတယ်။