ကန်ကွန်ဂရက်အမတ်ကိုပစ်တဲ့ သေနတ်သမား တရားစွဲပြီ

  • 10 ဇန်နဝါရီ 2011
Image caption ကွန်ဂရက် လွှတ်တော်အမတ် Gabrielle Giffords

ပြီးခဲ့တဲ့ စနေနေ့က အမေရိကန် ပြည်ထောင်စု Arizona ပြည်နယ် Tuscon မြို့မှာ သေနတ်နဲ့ အပစ်ခံခဲ့ရတဲ့ အမျိုးသမီး ကွန်ဂရက်လွှတ်တော် အမတ် Gabrielle Giffords ရဲ့ အခြေအနေဟာ သူရထားတဲ့ ဒဏ်ရာ အနေအထားနဲ့ ကြည့်ရင် အားရစရာကောင်းပေမယ့် စိုးရိမ်စရာ ရှိနေဆဲဘဲလို့ ကုပေးနေတဲ့ ဆရာဝန် တယောက်က ပြောပါတယ်။

သေနတ် ကျည်ဆန်ဟာ ဦးနှောက်ကို ဖြတ်သွားတယ်ဆိုတာ ဆရာဝန်တွေက အတည်ပြု ပြောကြားခဲ့ပါတယ်။

ဒဏ်ရာအခြေအနေအရ ပေးထားတဲ့ မေ့ဆေးတွေကို အခု ရပ်လိုက်ပြီ ဖြစ်လို့ သတိပြန်လည်လာပြီလို့ ဆရာဝန်တွေက ပြောပါတယ်။

ဦးနှောက်ဟာ အချိန်မရွေး ယောင်ယမ်းလာရင် အခြေအနေဆိုးလာနိုင်ပါသေးတယ်၊ အကောင်းမြင်ပေမယ့် သတိကတော့ ထားရအုံးမှာပါလို့ ဆရာဝန်တွေက ပြောပါတယ်။

ရဟတ်ယာဉ်နဲ့ ဆေးရုံကို ရောက်လာတဲ့ သေနတ်နဲ့ပစ်ခတ်မှုကြောင့် ဒဏ်ရာရသူ ၁၁ဦးအနက် Ms Giffords တဦးတည်း စိုးရိမ်စရာ အခြေအနေ ရှိနေဆဲ ဖြစ်ပါတယ်။

ဆေးရုံရှေ့မှာ သေဆုံး ဒဏ်ရာရသူတွေအတွက် ပန်းတွေ သဝဏ်လွှာတွေ ဆုတောင်းစာတွေနဲ့ ဖယောင်းတိုင်မီးတွေ ထွန်းညှိမှုတွေ တဖြေးဖြေး ပိုများ လာနေပါတယ်။

ဒါဟာ ဒဏ်ရာရသူတွေ ပြန်လည် ကျန်းမာလာစေဖို့ ဆန္ဒပြုကြတာ ဖြစ်သလို ငြိမ်းချမ်းစွာ နိုင်ငံရေး စုဝေးတွေ့ဆုံမှု တခုကို အကြမ်းဖက် တိုက်ခိုက်ခဲ့တဲ့အပေါ် လူထု ဘယ်လောက် ထိတ်လန့် အံသြရတယ်ဆိုတာကို ပြသတာလဲဖြစ်ပါတယ်။

ကွန်ကရက် လွှတ်တော်အမတ်ဟာ မဲဆန္ဒရှင်တွေနဲ့ တွေ့ဆုံနေစဉ်မှာ အမျိုးသားတဦးက လူအုပ်ထဲကို သေနတ်နဲ့ ဝင်ရောက်ပစ်ခတ်ခဲ့လို့ Ms Giffords ခေါင်းကို ထိမှန်ခဲ့ပြီး အသက် ၉ နှစ်အရွယ် မိန်းကလေးတဦး အပါအဝင် လူ ၆ဦးသေဆုံးခဲ့ရပါတယ်။

ပစ်ခတ်ခဲ့သူ သေနတ်သမားဟာ အသက် ၂၂ နှစ်အရွယ် Jared Loughner ဆိုသူဖြစ်ပြီး အခုတော့ လုပ်ကြံရန်ကြိုးပမ်းမှု၊ လူသတ်မှု အပါအဝင် စွဲချက် ၅ ခုနဲ့ တရားစွဲလိုက်ပါပြီ။

ဒီသေနတ်သမားဟာ Ms Giffords ကို ပစ်မှတ် ထားခဲ့တယ် ဆိုတာ ရဲတွေက အခုအတည်ပြုပါတယ်။

လောလောဆယ် လတွေ အတွင်း အထူးသဖြင့် လို သမ္မတ အိုဘားမားရဲ့ ကျန်းမာရေး စောင့်ရှောက်မှုဆိုင်ရာ ဥပဒေကြမ်းကို ထောက်ခံတဲ့ အမေရိကန် နိုင်ငံရေးသမား အတော်များများကို ခြိမ်းခြောက်မှုတွေ ရှိနေခဲ့ပါတယ်။

အခု ပစ်ခတ်မှုကို အဆင့်မြင့် စုံစမ်းစစ်ဆေးမှုတွေ လုပ်နေပြီး FBI အကြီးအကဲကိုယ်တိုင် ခေါင်းဆောင်ကာ အခုလို ရွေးကောက်ခံ နိုင်ငံရေးသမားတဦးကို လုပ်ကြံ သတ်ဖြတ်ဖို့ ကြိုးစားတာကို ဖေါ်ထုတ်နိုင်ရေး ကြိုးပမ်းနေပါတယ်။