ဘရစ်ဘိန်း ဒေသခံတွေ ဘေးလွတ်ရာ ပြေးကြ

  • 11 ဇန်နဝါရီ 2011

သြစတြေးလျ နိုင်ငံရဲ့ တတိယ အကြီးဆုံး မြို့ ဖြစ်တဲ့ ဘရစ်ဘိန်း မြို့မှာ ဆယ်စုနှစ်တွေ အတွင်း အကြီးမားဆုံး ရေကြီး ရေလျှံမှုကြီး အန္တရာယ် ရှိနေတဲ့ အတွက် မြို့ရဲ့ တချို့ နေရာတွေက ဒေသခံတွေကို နေအိမ်တွေကနေ စွန့်ခွာဖို့ ရဲတွေက တိုက်တွန်းခဲ့ပါတယ်။

Image caption ဇန္နဝါရီ ၁၁ ၇က်နေ့က ရေတွေ ဖုံးလွှမ်းနေတဲ့ ဘရစ် ဘိန်း မြို့

ဘရစ်ဘိန်း မြို့ကနေ ကားတွေ တဖြည်းဖြည်း စီတန်း ထွက်ခွာ သွားနေကြသလို စီးပွားရေး အချက်အချာ ကျတဲ့ နေရာက ရုံး အလုပ်သမား တွေလည်း နေရာက စွန့်ခွာ သွားနေကြ ပါတယ်။

ဒေသဆိုင်ရာ အရာရှိ တစ်ယောက်က တော့ ဘရစ်စ်ဘိန်း မြစ်ရေရဲ့ မျက်နှာပြင် ဟာ တစ်နာရီ အတွင်း မှာတင် တစ်မီတာခွဲ မြင့်တက်လာခဲ့တယ်လို့ ပြောပါတယ်။ Queensland ပြည်နယ် ဝန်ကြီးချုပ် Anna Bligh က လူတွေ အချင်းချင်း ကိုယ်တတ်နိုင်သလောက် ကူညီကြဖို့ ဆော်သြခဲ့ပါတယ်။

ကိုယ့် အိမ် အနီးအနားက သက်ကြီး ရွယ်အိုတွေ မိတ်ဆွေ သူငယ်ချင်းတွေကို ကြည့်ရှုပြီး သူတို့ လိုအပ်တဲ့ အကူအညီ တွေကို ကိုယ်တတ်နိုင် သလောက် ပေးကြပါလို့ ပြည်နယ် ဝန်ကြီးချုပ်က မေတ္တာ ရပ်ခံခဲ့ပါတယ်။ လာမယ့် ရက်ပိုင်းတွေ အတွင်း ရေလွှမ်းမိုးမှု ဒဏ်ကြောင့် ညအိပ်စရာ နေရာ မရှိသူတွေကို တတ်နိုင်ရင် နေရာ ပေးကြဖို့ လည်း Queensland ပြည်နယ် ဝန်ကြီးချုပ်က ပြောပါတယ်။

ဘရစ်ဘိန်း မြစ်ရေဟာ တရှိန်ထိုး တက်လာခဲ့တဲ့ အတွက် မြေနိမ့်ပိုင်းမှာ ရှိတဲ့ ဆင်ခြေဖုံး နေရာတွေကတော့ ရေအောက်ကို လုံးဝမြုပ် သွားခဲ့ပြီး ဖြစ်ပါတယ်။ ရေလွှမ်းမိုးမှုကြောင့် လောလောဆယ်မှာ လူပေါင်း ၁၁ ယောက်ထက် မနည်း သေဆုံးခဲ့ပြီး ဖြစ်ပါတယ်။

သြစတြေးလျ ဝန်ကြီးချုပ် ဂျူလီယာ ဂေးလာ့ဒ်က လည်း နောက်ထပ် လူသေဆုံးမှုတွေ ဖြစ်လာ နိုင်တယ်လို့ သတိပေး ထားပါတယ်။