စစ်ဗိုလ်ချုပ်ကြီး တွေ ယူနီဖောင်း တသက်လုံး ဝတ်နိုင်တဲ့ ဥပဒေ

  • 12 ဇန်နဝါရီ 2011
than shwe
Image caption တသက်လုံး ပခုန်း ပေါ် က အပွင့် ဖြုတ် စရာ မလို တော့

နအဖ အစိုးရ က ပြဌာန်းထားပြီး မကြာခင် ရက်ပိုင်း က ထွက်ပေါ်လာခဲ့တဲ့ ပြည်သူ့ စစ်မှုထမ်း ဥပဒေ နဲ့ အတူ ပူးတွဲ ပါရှိတဲ့ အရန် တပ်ဖွဲ့ ဥပဒေ ဟာ အငြိမ်းစား ယူမယ့် စစ်အရာရှိ ကြီး တွေ သူတို့ တသက်လုံး စစ်တပ် ရာထူး ကနေ ပယ်ဖျက် ပေးစရာ မလို အောင် ပြုလုပ် ပေးထားတာ ဖြစ်တယ် လို့ ဥပဒေ ပညာရှင် တွေရဲ့ ဝေဘန် မှု တွေ ထွက်ပေါ် နေပါတယ်။

မြန်မာနိုင်ငံ ရှေ့ နေများ ကောင်စီ ရဲ့ အတွင်း ရေးမှူး ဦးအောင်ထူး က ဒီ ဥပဒေ ဟာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ အပေါင်း ပါ စစ်ဗိုလ်ချုပ် တွေ စစ်တပ် ရာထူး နဲ့ ထာဝစဉ် နေနိုင် အောင် အာမခံ ပေး ထားတယ် လို့ ဘီဘီစီ ကို ပြောပါတယ်။

ဒီ အရန် တပ်ဖွဲ့ ဥပဒေ အရ စစ်မှုထမ်း တဦး ဟာ နှုတ်ထွက်ခွင့် ဒါမှ မဟုတ် ပင်စင် အငြိမ်းစား ခွင့် ရတဲ့ နေ့ က စပြီး နောက် ထပ် ၅ နှစ် ကို အရန် တပ်ဖွဲ့ မှာ ထမ်းဆောင် ဖို့ တာဝန် ရှိပါတယ်။

အဲဒီ လို ထမ်းဆောင်စဉ် နောက်ဆုံး ရခဲ့တဲ့ ရာထူးအဆင့် စစ်ဝတ်စုံ ကို ဝတ်ဆင် နိုင်တဲ့ အပြင် တကယ်လို့ လိုအပ်ရင် ကာကွယ်ရေး ဦးစီးချုပ် က အရန် တပ်ဖွဲ့ ဝင် တယောက် ရဲ့ တာဝန် ထမ်းဆောင်မှု ကာလ ကို ၅ နှစ် ထက် မက ထပ်တိုး ပြီး တာဝန်ပေး နိုင်တယ် လို့ ဥပဒေ က ဆိုထားတဲ့ အတွက် ဗိုလ်ချုပ်ကြီး တွေ ဟာ စစ် ယူနီဖောင်း ချွတ် စရာ တသက်လုံး လိုမယ့် ပုံ မရှိတော့ ပါဘူး။

အခု အရန် တပ်ဖွဲ့ ဥပဒေ ကို နိုဝင်ဘာလ ၄ ရက် နေ့ က ပြဌာန်းခဲ့တဲ့ အတွက် အဲဒီနေ့ မတိုင် မီ ယူနီဖောင်း ချွတ်ပြီး အရပ်ဝတ်လဲ လိုက်ရတဲ့ စစ်ဗိုလ်ချုပ် တွေအတွက် တော့ အခု ဥပဒေ နဲ့ အကြုံးဝင် မယ့် ပုံ မရှိပါဘူး။