Brisbane မြို့တလွှား ရွံ့ညွန် ရေတွေ လွှမ်းနေ

  • 13 ဇန်နဝါရီ 2011
Image caption Brisbane မြစ်ရေ လျှံတက်လာ

ဆယ်စုနှစ်တွေ အတွင်း အဆိုးဝါးဆုံး ရေကြီးမှုကို ခံစားနေရတဲ့ သြစတြေးလျ နိုင်ငံက တတိယ အကြီးဆုံးမြို့ဖြစ်တဲ့ Brisbane မြို့က လမ်းတွေပေါ်မှာ ရွံ့ရည်တွေ နဲ့ ဖုံးလွှမ်းနေပါတယ်။

အိမ်ခြေပေါင်း ရှစ်သောင်း လောက်မှာ လျှပ်စစ်မီး ပြတ်တောက်နေပြီး လူအများဟာ မြို့ကို စွန့်ခွာပြေးခဲ့ ကြပါတယ်။

အခုဆိုရင် Brisbane မြစ်ရေဟာ အမြင့်ဆုံးကို ရောက်နေပြီး ဒါဟာ ၁၉ရ၄ ခုနှစ် ရေကြီးတုန်းက မြင့်တက်ခဲ့တဲ့ အမှတ်ထက် နည်းနည်းသာ လျော့ပါတယ်။

အဆိုးဝါးဆုံး ဖြစ်မယ့် အရေးတော့ မမြင်ရပေမယ့် အပျက်အဆီး ဆုံးရှုံးမှုတွေ အများအပြား တွေ့ရတယ်လို့ Brisbane မြို့က ဘီဘီစီ သတင်းထောက် ပြောပါတယ်။

မော်တော်ကား ၊ စက်လှေ ၊ ဆိပ်ခံ ဘောတံတားတွေနဲ့ လှေသမာန်ကြီး တွေကိုပါ မြစ်ရိုးတလျောက် မျောပါ လာတာ တွေ့ရပြီး ဒါတွေက Brisbane မြို့ရဲ့ လမ်းတံတား အခြေခံ အဆောက်အဦးတွေကို ပျက်စီးစေနိုင်တယ်လို့ ဆိုပါတယ်။

ဘရာဇီးနိုင်ငံ အရှေ့တောင်ပိုင်းမှာလည်း ပြီးခဲ့တဲ့ ၂၄နာရီအတွင်း ရေကြီး မြေပြိုမှုကြောင့် အနည်းဆုံး လူ၂၃၇ယောက် သေဆုံးသွားခဲ့ပါတယ်။

လမ်းတွေပေါ်မှာ ရွံ့ညွန်တွေ ပြိုဆင်းလာလို့ သွားလာရေး ခက်ခဲနေတဲ့ Nova Friburgo မြို့ကို အရေးပေါ် ကယ်ဆယ်ရေး အဖွဲ့တွေ ရောက်သွားတဲ့ အခါသေဆုံးသူ အရေအတွက် တိုးလာတာ တွေ့ရတယ်လို့ ဆိုပါတယ်။

ဆွေမျိုးမိသားစုဝင်တွေ တွေ့တဲ့အခါ ဘယ်သူဘယ်ဝါ ဆိုတာ သိကောင်းသိလိမ့် မယ်လို့ ယူဆပြီး သေဆုံးသူ ရုပ်အလောင်းတွေကို စာသင်ကျောင်းတွေမှာ ပို့ထားတယ်လို့ ကယ်ဆယ်ရေးသမားတွေက ပြောပါတယ်။

မိုးပေါ်ကနေ သံနန်းကြိုးနဲ့ ရွေ့ရှားသွားလာတဲ့ မိုးပျံ Cable ယာဉ်နဲ့ ဟော်တယ် တခုလည်း မြေပြိုတဲ့အထဲ ပါသွားတယ်လို့ သိရပါတယ်။