လာမယ့် ရွေးကောက်ပွဲမှာ ဝင်မပြိုင်ဘူးလို့ တူနီးရှား သမ္မတပြော

  • 14 ဇန်နဝါရီ 2011
Image caption နှစ်နှစ်ဆယ်ကျော်ကြာ တဦးတည်း အုပ်ချုပ်ခဲ့တဲ့ သမ္မတ ဘန်အလီ

တူနီးရှားနိုင်ငံမှာ လာမယ့် ၂ဝ၁၄ ခုနှစ် ရွေးကောက်ပွဲကျရင် သူဝင်အရွေး မခံတော့ ဘူးလို့ သမ္မတ ဘန်အလီက နိုင်ငံကို ပြောကြားတဲ့ မိန့်ခွန်းထဲမှာ ထည့်သွင်း ပြောဆို သွားခဲ့ပါတယ်။

သူဟာ နှစ်နှစ်ဆယ်ကျော်ကြာ အာဏာကို တယောက်တည်း ပိုင်စိုး အုပ်ချုပ်ခဲ့သူ ဖြစ်ပါတယ်။

အလုပ်လက်မဲ့ ပြဿနာနဲ့ လူနေမှု အဆင့်အတန်း နိမ့်ကျကာ ပြည်သူတွေ ဆင်းရဲ ငတ်မွတ်လာတဲ့အ တွက် ဆူပူအုံကြွမှုတွေ ဖြစ်ပေါ်ကာ Tunis တူးနစ်မြို့တော် အထိ မငြိမ်မသက်မှုတွေ ပြန့်နှံ့လာတာကြောင့် သမ္မတက အခုလို တိုင်းပြည်ကို မိန့်ခွန်းပြောကြားခဲ့တာ ဖြစ်ပါတယ်။

သမ္မတရဲ့ မိန့်ခွန်းကို ကြည့်ရတာ တကယ့်ကို တင်းမာမှုတွေ လျော့ပါးစေချင် ပုံရတယ်လို့ သတင်းထောက်တွေက ပြောပါတယ်။

နိုင်ငံတွင်းမှာ ဒီမိုကရေစီနဲ့ ပိုမိုပွင့်လင်းမှု ရှိလာစေရမယ့်လို့လည်း မစ္စတာ ဘန်အလီက ကတိပေးလိုက်ပါတယ်။

ဒါ့အပြင် ဆန္ဒပြသမားတွေကို ကျည်ဆန် အစစ်တွေသုံးပြီး နှိမ်နင်းမှု မပြုဖို့လည်း လုံခြုံရေး တပ်ဖွဲ့တွေကို မှာကြားထားတယ်လို့ သူက ပြောပါတယ်။