တူနီးရှားမှာ ယာယီ အစိုးရ ဖွဲ့မယ်

  • 16 ဇန်နဝါရီ 2011
mebazza
Image caption ယာယီသမ္မတ မိုဘက်ဇာ

တူနီးရှားနိုင်ငံမှာ နှစ်ရှည်လများ အုပ်စိုးနေခဲ့တဲ့ သမ္မတ ဟောင်း ဇင်း အယ်လ် အာဘစ်ဒင်း ဘင်အာလီ နိုင်ငံ အတွင်းကနေ ထွက်ခွာ သွား အပြီးမှာ နိုင်ငံရေး ခေါင်းဆောင်တွေက ရှေ့ကို ဘာဆက်လုပ်ရ မလဲ ဆိုတာကို စဉ်းစားနေကြဆဲမှာ လမ်းတွေပေါ် မှာလဲ အဓိကရုန်းတွေ ဆက်လက် ဖြစ်ပွား နေဆဲပဲ ဖြစ်ပါတယ်။

အဓိကရုန်း တွေကြောင့် မွန်နစ္စတီးယား မြို့က အကျဉ်းထောင်ဟာလဲ မီးလောင်ခဲ့ရ သလို လူပေါင်း ၄၀ ကျော်လဲ သေဆုံးခဲ့ရ ပါတယ်။

မြို့တော် ကျူးနစ် မှာလဲ ပင်မ မီးရထား ဘူတာရုံကြီး မီးလောင် ပျက်စီး ခဲ့ရသလို တခြား အဆောက်အအုံ တော်တော် များများ ဟာလဲ မီးလောင် ပြာကျခဲ့ ရပါတယ်။

လုယက် ဖျက်စီး မှုတွေကို တားဆီး နိုင်ရေး အတွက် တင့်ကားတွေ ပါတဲ့ လုံခြုံရေး တပ်တွေ မြို့တော်က လမ်းတွေပေါ်မှာ တပ်စွဲ ထားကြ ပြီဖြစ်ပါတယ်။

နိုင်ငံအတွင်း အရေးပေါ် အခြေအနေကို ကြေငြာ ထားသလို ညမထွက်ရ အမိန့်ကိုလဲ ဆက်လက် ထုတ်ပြန် ထားဆဲ ဖြစ်ပါတယ်။

လောလောဆယ် မှာတော့ ပါလီမန် ဥက္ကဌ ဖြစ်သူ ဖာအုဒ် မိုဘက်ဇာ ကယာယီ သမ္မတ အဖြစ် တာဝန် ထမ်းဆောင်မှာ ဖြစ်ပြီး ရုပ်မြင်သံကြား ကနေ တဆင့် ပြောကြားရာမှာ သူ အရင်ဆုံး လုပ်ရမှာ ကတော့ ယာယီ အစိုးရ ဖွဲ့ စည်းရေးပဲ ဖြစ်တယ်လို့ ဆိုပါတယ်။

တူနီးရှား နိုင်ငံ ရဲ့ အကျိုးအတွက် အမျိုးသားရေး စည်းလုံးတဲ့ အစိုးရတခု ရှိဖို့ လိုအပ်နေလို့ ကျွန်တော် ဝန်ကြီးချုပ် မိုဟာမက် ဂါနူချီကို အစိုးရ အဖွဲ့ဝင်တွေ ကို အဆိုပြုဖို့ ပြောထားပြီး ဖြစ်ကြောင်းယာယီသမ္မတ က ရုပ်မြင်သံကြားကနေ ပြောသွားပါတယ်။

တူနီးရှား နိုင်ငံ မှာ ဖြစ်ပေါ် နေတဲ့ အရေး ကိစ္စတွေနဲ့ ပတ်သက်ပြီး ပြင်သစ် နိုင်ငံက တူနီးရှားမှာ လွတ်လပ်တဲ့ ရွေးကောက်ပွဲ တစ်ခု အမြန်ဆုံး ကျင်းပဖို့ လိုတယ်လို့ ဆိုပါတယ်။

အီဂျစ် ကတော့ အနီးကပ် စောင့်ကြည့် နေတယ်လို့ ဆိုလိုက်ပြီး တူနီးရှား ပြည်သူတွေရဲ့ ရွေးချယ် မှုတွေကိုလဲ အလေးဂရုပြုမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

အီဂျစ် အခြေစိုက် အာရပ် လူ့အခွင့်အရေး ဆိုင်ရာ သတင်း ကွန်ယက် ကတော့ ဆော်ဒီ အာရေဗျက မစ္စတာ ဘင်အာလီကို ခိုလှုံခွင့် ပေးဖို့ ဆုံးဖြတ် လိုက်တာကို ရှုံချလိုက် ပါတယ်။