အေဟွတ် ဘာရက် လေဘာပါတီ ကနေ ထွက်တော့မယ်။

  • 17 ဇန်နဝါရီ 2011
ehud barak
Image caption အစ္စရေး ဝန်ကြီးချုပ်အဖြစ် ၁၉၉၉ခုနှစ်ကနေ ၂၀၀၁ အထိ မစ္စတာ ဘာရက် ဆောင်ရွက်ခဲ့

အစ္စရေး ကာကွယ်ရေးဝန်ကြီး အေဟွတ် ဘာရက်က သူခေါင်းဆောင်တဲ့ လေဘာ ပါတီကနေ နှုတ်ထွက်တော့မယ်လို့ ကြေငြာ လိုက်ပါတယ်။

လေဘာ ပါတီဟာ ၁၉၄၈ ခုနှစ် အစ္စရေးနိုင်ငံ စတည်ထောင် ခဲ့စဉ်တုန်းက အဓိက အခန်း ကဏ္ဍကနေ ပါဝင် လှုပ်ရှား ခဲ့တာပါ။

အခုလို လေဘာပါတီထဲကနေ အေဟွတ် ဘာရက် နှုတ်ထွက်တော့မယ် ဆိုတဲ့ သတင်း ကြောင့် အစ္စရေးနိုင်ငံမှာတော့ အတော့်ကို အံ့သြသွားကြပါတယ်။

ဘင်ညာမင် နက်တာညာဟုရဲ့ လက်ျာစွန်းဝါဒီ ညွန့်ပေါင်း အစိုးရ ထဲမှာ လေဘာ ပါတီ ဆက်နေရေး မနေရေးနဲ့ ပတ်သက်လို့ ပါတီတွင်းမှာ တင်းမာမှုတွေ ဖြစ်နေတာ လနဲ့ ချီ ကြာနေပါပြီ။

အရှေ့အလယ်ပိုင်း ဒေသ ငြိမ်းချမ်းရေး ရရေး လုပ်ဆောင်ချက်မှာ မစ္စတာ နက်တာညာဟု ရဲ့ ကိုင်တွယ် ဆောင်ရွက်ပုံနဲ့ ပတ်သက်လို့ ညွန့်ပေါင်း အစိုးရ အဖွဲ့ထဲကနေ နှုတ်ထွက်သင့်မသင့် မကြာခင် လပိုင်းတွေမှာ လေဘာပါတီတွင်း မဲခွဲ ဆုံးဖြတ်ကြဖို့ ရှိနေတာပါ။

အခုတော့ အဲဒီလို မဲခွဲ မဆုံးဖြတ်ခင် လေဘာ ပါတီထဲကနေ အေဟွတ် ဘာရက် နှုတ်ထွက် တော့မယ်ဆိုတဲ့ သတင်း ရုတ်တရက်ကြီး ဆိုသလို ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

ညွန့်ပေါင်း အစိုးရ အဖွဲ့ထဲမှာ လေဘာ ပါတီ ဆက်ရှိနေနိုင်အောင် သူ ပါတီထဲကနေ နှုတ်ထွက် မှာ ဖြစ်တယ်လို့ မစ္စတာ ဘာရက်က ပြောပါတယ်။

ပါတီ ဆက်တည်မြဲရေးနဲ့ ညွန့်ပေါင်း အစိုးရ ဆက်တည်မြဲရေးမှာ တခုခုကို မဖြစ်မနေ ရွေးရတော့မယ် ဆိုတော့ မစ္စတာ ဘာရက်က အစိုးရကို အခုလို ရွေးလိုက်တာလို့ ယူဆ ရပါတယ်။

လေဘာ ပါတီထဲကနေ နှုတ်ထွက်ဖို့ ဆုံးဖြတ်လိုက်တာဟာ ပါလက်စတိုင်းတွေနဲ့ ငြိမ်းချမ်းရေး ယူဖို့ မစ္စတာ နက်တာညာဟုအနေနဲ့ တကယ့် အရင်းခံ စိတ်ဆန္ဒ ရှိနေတယ် ဆိုတာကို မစ္စတာ ဘာရက် အနေနဲ့ ယုံကြည်နေဆဲ ဆိုတာ ဖေါ်ပြနေပါတယ်လို့ ဂျေရုဆလင်မှာရှိတဲ့ ဘီဘီစီ သတင်းထောက် Jon Donnison က ပြောပါတယ်။

လေဘာ ပါတီဝင် အတော်များများကတော့ မစ္စတာ နက်တာညာဟုအပေါ် ဒီလို မယူဆ ကြပါဘူး။

အခုတော့ မစ္စတာ ဘာရက်ခ်ရဲ့ ဒီဆုံးဖြတ်ချက်ကြောင့် ဝန်ကြီးချုပ် ဘင်ညာမင် နက်တာ ညာဟု ရဲ့ ညွန့်ပေါင်း အစိုးရ ဆက်ရပ်တည်နိုင်ခွင့် ရတော့မယ်လို့ အကဲခတ်တွေက ပြောနေပါတယ်။

ဒါပေမဲ့ တဖက်က ကြည့်ရင်လည်း အစ္စရေးတွေကြားမှာ အကွဲကွဲ အပြားပြား ဖြစ်နေတယ် ဆိုတာ ဒီလုပ်ရပ်က ပြသနေတယ်လို့ ဘီဘီစီ သတင်းထောက် Jon Donnison က ပြောပါတယ်။