တရုတ် သမ္မတ အမေရိကန်ကို အလည် ရောက်လာ

  • 19 ဇန်နဝါရီ 2011
China US
Image caption တရုတ် သမ္မတကို အမေရိကန် ဒုတိယ သမ္မတ ကြိုဆို

တရုတ် သမ္မတ ဟူဂျင်တောင်ဟာ အမေရိကန်ကို လေးရက်ကြာ လည်ပတ်ဖို့ မနေ့က ဝါရှင်တန် ဒီစီကို ဆိုက်ရောက် လာပါတယ်။

သူဟာ ဒီနေ့မှာ အမေရိကန် သမ္မတ အိုဘားမား နဲ့ တွေ့မှာ ဖြစ်ပါတယ်။

အမေရိကန်နဲ့ တရုတ်ကြား ကုန်သွယ်ရေး၊ ငွေလဲလှယ်နှုန်းနဲ့ တခြား မဟာဗျူဟာ ကိစ္စတွေမှာ တင်းမာမှုတွေ ကြီးထွားလာနေ ချိန်မှာ ဟူဂျင်တောင်ဟာ အမေရိကန်ကို ရောက်ရှိလာတာ ဖြစ်ပါတယ်။

အထူးသဖြင့် တရုတ်ယွင်ငွေနဲ့ ဒေါ်လာလဲလှယ်နှုန်း မြင့်တက်လာအောင် တရုတ်အစိုးရက ထပ်ကြိုးစားတာမျိုးကို အမေရိကန်ဘက်က မြင်ချင်နေပါတယ်။

တရုတ်ဟာ သူ့ပို့ကုန်တွေ အသာရအောင် ယွင်ငွေကို တမင်သက်သက် ချထားတယ်လို့ အမေရိကန်က စွပ်စွဲနေပြီး တရုတ်ကတော့ ဒီစွပ်စွဲချက်ကို လက်မခံပါဘူး။

ငွေလဲလှယ်နှုန်းထား ကိစ္စအပြင် တရုတ်က ကုန်လွန်ခဲ့တဲ့ နှစ်ထဲ နိုင်ငံခြားရေး ပေါ်လစီ ကိစ္စတွေမှာ အရင်ကထက် ပိုပြီး ရဲရဲတင်းတင်း ရှိလာသလို နိုင်ငံခြားရေး ပေါ်လစီ ကိစ္စတွေမှာ သဘောမတူညီမှုတွေကြောင့် နှစ်နိုင်ငံ ဆက်ဆံရေး အေးတိအေးစက် ဖြစ်လာစေနိုင်တယ်လို့ ဘီဘီစီ သံတမန် သတင်းထောက်က သတင်းပေးပို့ထားပါတယ်။