တရုတ်သမ္မတ လူ့အခွင့်အရေး လေးစားလိုက်နာဖို့ အသိအမှတ်ပြု ပြောကြား

  • 20 ဇန်နဝါရီ 2011
Image caption တရုတ်သမ္မတ ဟူဂျင်းတောင်နဲ့ အမေရိကန် သမ္မတ အိုဘားမား

တရုတ်နိုင်ငံဟာ လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီး ဆက်လက် လုပ်ဆောင်စရာတွေ အများကြီး ရှိသေးတယ် ဆိုတာကို အမေရိကန်မှာ ရောက်ရှိနေတဲ့ တရုတ်သမ္မတ Hu Jintao က အသိအမှတ်ပြု ပြောကြားသွား ပါတယ်။

တရုတ်နိုင်ငံဟာ လူ့အခွင့်အရေး ကိစ္စနဲ့ ပတ်သက်ပြီး အပြန်အလှန် ဆွေးနွေးမှုတွေ လုပ်ဖို့ ဆန္ဒ ရှိပါတယ်လို့ မစ္စတာ ဟူက ဆိုပါတယ်။

ဒါ့အပြင် လူ့အခွင့်အရေးဟာ လူသားအားလုံးနဲ့ ဆိုင်တယ်ဆိုတဲ့ အချက်ကို တရုတ်က လေးစားလိုက်နာပါတယ်လို့လည်း ပြောပါတယ်။

လွန်ခဲ့တဲ့ နှစ်သုံးဆယ်ကျော်က အမေရိကန် သမ္မတ ဂျင်မီကာတာနဲ့ တရုတ် သမ္မတ တိန့်ရှောင်ဖိန်တို့ တွေ့ဆုံပြီး နှစ်နိုင်ငံ ဆက်ဆံရေး ပုံမှန် ဖြစ်ခဲ့သလို ကနေ့ကနေ နောင် အနှစ် သုံးဆယ် အကြာမှာ တရုတ်နိုင်ငံမှာ နောက်ထပ် ဖြစ်ပေါ်တိုးတက် ပြောင်းလဲမှုတွေ ၊ နောက်ထပ် အပြောင်းအလဲကြီးတွေ ထပ်တွေ့ နေရမှာ ဖြစ်တယ်လို့ အိုဘားမားက ပြောပါတယ်။

နှစ်ဘက်စလုံး အပြုသဘောဆောင်တဲ့ ပူးပေါင်း ဆောင်ရွက်မှု ဆန်တဲ့ ဆက်ဆံရေးဟာ အမေရိကန် နိုင်ငံအတွက် ကောင်းမွန်ကြောင်း ၊ အမေရိကန် စီးပွားရေး လုပ်ငန်းရှင်တွေက သူတို့ ပို့ကုန်တွေ အတွက် တရုတ်စျေးကွက်ဟာ ထိပ်တန်းမှာ ရှိတယ် ဆိုတာ ပြောသွားခဲ့တဲ့အကြောင်း အိုဘားမားက ဆိုသွားခဲ့ပါတယ်။

ဒါ့အပြင် အမေရိကန် ဒေါ်လာ ၄၅ ဘီလီယံ တန်ဖိုးရှိတဲ့ နှစ်နိုင်ငံ ကုန်သွယ်မှု စာချုပ်တွေကို ဟူဂျင်းတောင် ခရီးစဉ်အတွင်း ချုပ်ဆိုခဲ့ပါတယ်။

အိမ်ဖြူတော်မှာ သမ္မတ အိုဘားမားနဲ့ ပူးတွဲပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ သတင်းထောက်တွေရဲ့ မေးခွန်းတွေကို မစ္စတာဟူက အရင်နဲ့မတူ ထူးခြားစွာ ပွင့်ပွင့်လင်းလင်း ဖြေကြားပြောဆိုသွားခဲ့ပါတယ်။

အရင်ကတော့ လူ့အခွင့် အရေးနဲ့ ပတ်သက်ပြီး မေးတဲ့အခါ နည်းပညာပိုင်း ဆိုင်ရာ အခက်အခဲတွေကို အကြောင်းပြပြီး ဖြေကြားလေ့မရှိပါဘူး။

အငြင်းပွားနေတဲ့ ငွေကြေးကိစ္စနဲ့ ပတ်သက်လို့ တရုတ်က ယွမ်ငွေ တန်ဖိုးကို စျေးကွက်ထဲမှာ တကယ်ဖြစ်သင့်တဲ့ တန်ဖိုးထက် လျော့ချ သတ်မှတ်ထားတယ်၊ နှစ်နိုင်ငံကြား အရောင်းအဝယ် ဖြစ်သင့်တဲ့ စျေးနှုန်းမှာ ထားဖို့ လိုတယ်လို့ သမ္မတ အိုဘားမားက ပြောကြားလိုက်ပါတယ်။

အမေရိကန် ဖက်ကလည်း ပြုပြင်ပြောင်းလဲရေးတွေ လုပ်ဆောင်သွားပါမယ်လို့ သူက ထပ်လောင်း ဆိုသွားခဲ့ပါတယ်။

ဒါ့အပြင် တရုတ်နိုင်ငံ ငြိမ်းချမ်းစွာ တိုးတက် ထွန်းကားလာမှုဟာ တကမ္ဘာလုံးအတွက် အကျိုးရှိသလို အမေရိကန် အတွက်လည်း ကောင်းမွန်ကြောင်း မစ္စတာ အိုဘားမားက ပြောကြားခဲ့ပါတယ်။