အစ္စလာမ်ကို အာဃာတမထားဖို့ ဗြိတိန်ဝန်ကြီး ပြောကြားမယ်

  • 20 ဇန်နဝါရီ 2011
Image caption မူဆလင်မုန်းတီးမှုနဲ့ အစ္စလာမ်ဘာသာကို ကြောက်ရွံ့ မှုတွေဟာ ဝမ်းနည်းစရာဖြစ်တယ်

ဗြိတိန်လူမှုအသိုင်းအဝိုင်းက မူဆလင်တွေ အားလုံးကို အာဃာတထားနေမှုဟာ လက်ခံ စရာကိစ္စရပ်လို ဖြစ်လာနေတဲ့အတွက် ဒါဟာ မဖြစ်သင့်ကြောင်း ဗြိတိသျှအစိုးရ အဖွဲ့က အဓိကပါတီဖြစ်တဲ့ ကွန်ဆာဗေးတစ် ပါတီ တွဲဖက်ဥက္ကဌ မွတ်ဆလင် အမျိုးသမီး ဘာရိုနစ်ဝါဆီက တက္ကသိုလ်တခုမှာ ဒီကနေ့ သတိပေး ပြောကြားဖို့ ရှိပါတယ်။

သူက ဗြိတိန်မှာ မွတ်ဆလင်ကို မုန်းတီးပြီး အစ္စလာမ် ဘာသာကို ကြောက်ရွံ့လာနေကြတယ်လို့ဆိုပါတယ်။ ဒါဟာတယူသန် လက်ခံ နေတာဖြစ်လို့ ဝမ်းနည်းစရာ ကောင်းကြောင်း ဘီဘီစီကို ပြောပါတယ်။

ဘာရိုနစ်ဝါဆီဟာ ဗြိတိသျှအစိုးရအဖွဲ့မှာ ပထမဦးဆုံးပါဝင်ခဲ့တဲ့ မွတ်ဆလင် အမျိုးသမီး ဝန်ကြီးတဦးလည်း ဖြစ်ပါတယ်။

သတင်း မီဒီယာတွေဟာ အလယ်အလတ် အယူအဆရှိသူ မူဆလင်တွေနဲ့ အစွန်းရောက်သူ မွတ်ဆလင်တွေကို ခွဲခြားဖေါ်ပြခြင်းမရှိပဲ၊ လူတွေ အမျက်ထွက်အောင် အားပေးအားမြောက် လုပ်နေတယ်လို့ သူက စွပ်စွဲလိုက်ပါတယ်။

အကြမ်းဖက်မှုကျူးလွန်တဲ့ တချို့သော မူဆလင်တွေကြောင့် တခြားအစ္စလာမ်ကို ယုံကြည် သူတွေအပေါ် ရှုတ်ချမှုတွေ မလုပ်သင့်ဘူးလို့ လေဒီဝါဆီက ပြောပါတယ်။

မူဆလင်တွေအနေနဲ့ အကြမ်းဖက် အစွန်းရောက်ဝါဒကို လက်မခံဘူးဆိုတာ ရှင်းရှင်း လင်းလင်း သိအောင် ဖေါ်ထုတ်ကြဖို့ သူက တိုက်တွန်းမှာလည်းဖြစ်ပါတယ်။