ပန်ဝါမှာ နှင်းသည်းထန်လို့ လူတွေ ဒုက္ခ တွေ့ကြရ

  • 20 ဇန်နဝါရီ 2011
china burma border
Image caption တရုတ် မြန်မာ နယ်စပ် ပန်ဝါ မှာ နှင်းမုန်တိုင်း တိုက်

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ ကစပြီး ကချင် ပြည်နယ် ပန်ဝါ မြို့နယ် အနီး တဝိုက်မှာ ၂ ရက် ဆက်တိုက် နှင်းတွေ ထူထူထပ်ထပ် ကျခဲ့လို့ တချို့ နေရာ တွေမှာ နှင်းထု ၃ ပေ အမြင့် အထိ ရှိနေ ပြီး အခု အထိ အရည် မပျော် သေး ပါဘူး။

တရုတ် မြန်မာ နယ်စပ် မြို့ ဖြစ်တဲ့ အဲဒီ ပန်ဝါမြို့ မှာ နှင်းကျတဲ့ ဒဏ်ကြောင့် သတ္ထု သိုလှောင်ရေး စခန်း၊ ရဲစခန်း နဲ့ ကား ဂိုဒေါင် တချို့ ပြိုကျ နေပြီး မြို့ထဲမှာ နှင်းထု တစ်ပေ လောက် အထိ ရှိနေတဲ့ အကြောင်း ဓါတ်ကြိုးတွေ ပြတ်ကျလို့ အခု ဆိုရင် မီးမလာတာ ၅ ရက်လောက် ရှိနေပြီလို့ ပန်ဝါ မြို့ခံ တစ်ဦး က ဘီဘီစီ ကို ပြော ပါတယ်။

ခါတိုင်း နှစ်တွေ မှာ ဒီလောက် အထိ နှင်း မကျခဲ့ဘူးခဲ့တဲ့ အပြင် ရုတ်တရက် နှင်းတွေ ကျလာ တာမို့ ပြင်ဆင်မှု တွေ မလုပ် နိုင်ပဲ ပန်ဝါ မြို့ဝန်းကျင် ကလူတွေ ထင်းက အစ မရှိပဲ သွားရေး လာရေး နဲ့ စားရေး နေရေး အခက်အခဲ တွေ့နေ ကြရ တယ်လို့ အဲဒီ ဒေသခံ ကပဲ ပြော ပါတယ်။

နှင်းတွေ စကျတဲ့ မနက် ကတော့ မြေကော်တဲ့ စက်တစ်စီး ခဏတဖြုတ် လာလုပ်တာ တွေ့ရ ပေမယ့် နောက်ပိုင်း အခုထက် ထိတော့ ကူညီမယ့်သူ မရှိလို့ လူတွေ ဒုက္ခနဲ့ ရင်ဆိုင် နေရ တယ် လို့လည်း ပြော ပါတယ်။