အီရန် ညူးကလီးယား ဆွေးနွေးပွဲ တိုးတက်မှု မရှိ

  • 23 ဇန်နဝါရီ 2011
Ashton Jalili
Image caption အီရန် ညူးကလီးယား ဆွေးနွေးပွဲ တိုးတက်မှု မရှိ

အီရန် နိုင်ငံရဲ့ ညူးကလီးယား အစီအစဉ်နဲ့ ပတ်သက်ပြီး ကမ္ဘာ့ ထိပ်သီး နိုင်ငံတွေနဲ့ အီရန် ကိုယ်စားလှယ် အဖွဲ့တို့ တူရကီ နိုင်ငံမှာ ဆွေးနွေးခဲ့ရာမှာ တိုးတက်မှု မရှိခဲ့တဲ့အတွက် စိတ်ပျက်ကြောင်း ပြောကြား ခဲ့ပါတယ်။

အီရန်က ခုဆွေးနွေးပွဲ မစခင်ကတည်းက ကြိုတင် စည်းကမ်း သတ်မှတ်ချက်တွေ ယူလာတယ်လို့ အီရန်နဲ့ ဆွေးနွေးတဲ့ နိုင်ငံတကာ ကိုယ်စားလှယ် အဖွဲ့ ခေါင်းဆောင် အီးယူ နိုင်ငံခြားရေး ပေါ်လစီ ဥက္ကဌ ဘာရွန်နက်စ အက်ရှတန်က ပြောပါတယ်။

ဘယ်တော့ ထပ်တွေ့မလဲ ဆိုတာ လောလောဆယ် မသတ်မှတ်ရသေးပေမဲ့ အီရန်နဲ့ ထပ်စကား ပြောဖို့ တံခါး ဖွင့်ထားတယ်လို့ သူက ပြောသွားပါတယ်။

အနောက် အုပ်စု နိုင်ငံတွေက အီရန်ကို ညူးကလီးယား လက်နက် ထုတ်လုပ်ဖို့ ကြိုးစား နေတယ်လို့ စွပ်စွဲနေပြီး အီရန်ကတော့ ဒီစွပ်စွဲချက်ကို ငြင်းပါတယ်။

ညူးကလီးယား ကိစ္စနဲ့ ပတ်သက်ပြီး ဆွေးနွေးမယ်ဆိုရင် အီရန်ရဲ့ ယူရေနီယံ သန့်စင် ပိုင်ခွင့်ကို အခြေခံ စဉ်းစားသင့်တယ်လို့ အီရန်ဘက်က စေ့စပ် ဆွေးနွေးရေး အဖွဲ့ခေါင်းဆောင်က ပြောပါတယ်။

အီရန်က သန့်စင် ယူရေနီယံ လိုချင်ရင် နိုင်ငံခြားကို ပို့ပြီး သန့်စင်ခိုင်း၊ ပြီးတော့ သန့်စင် ပြီးသား ယူရေနီယံကို အီရန်ကို ပြန်ပို့ပြီး အီရန်က အရပ်ဘက်မှာ အသုံးပြုခွင့် ပေးမယ်ဆိုပြီး အနောက်နိုင်ငံတွေက ကမ်းလှမ်း ထားပါတယ်။

အီရန်ဘက်က ကြိုတင် စည်းကမ်း သတ်မှတ်ချက်တွေ ယူလာတယ်လို့ နိုင်ငံတကာ အဖွဲ့က ပြောပေမယ့် ဒီစည်းကမ်း သတ်မှတ်ချက်တွေ ဘာဆိုတာကိုတော့ ထုတ်မပြောသေးပါဘူး။

အီရန် နိုင်ငံဟာ အချုပ် အခြာ အာဏာပိုင် နိုင်ငံ ဖြစ်တဲ့ အတွက် ညူးကလီးယား နည်းပညာကို ထုတ်လုပ်ပိုင်ခွင့် ရှိတယ်ဆိုတဲ့ အချက်ကို ထည့်စဉ်းစားသင့်တယ်လို့ အီရန် ကိုယ်စားလှယ် အဖွဲ့ ခေါင်းဆောင် ဆာယိ ဂျလီလီက ပြောပါတယ်။

ခုအနေအထားအရ တဘက်ကလည်း အီရန်ကို တိုင်းပြည်ထဲမှာ ယူရေနီယံ မသန့်စင်ရဘူး ပြောနေတယ်၊ အီရန်ကလည်း သူ့မှာ သန့်စင် ပိုင်ခွင့် ရှိတယ် ပြောနေတယ်။ ဒီတော့ လောလောဆယ်မှာ ဒီအနေအထားကနေ တဘက်ဘက်က မလျှော့မချင်း ဘာတိုးတက်မှုမှ ရမဲ့ပုံ မရှိသေးပါဘူး။

အီရန်က ယူရေနီယံ သန့်စင်မှုတွေကို သူ့မြေပေါ်မှာဘဲ လုပ်ချင်ပြီး၊ သူ့ဘက်က ယူရေနီယံ တွေကို သန့်စင်ဖို့ ပေးလိုက်လို့ ပြန်မရရင် ဖွတ်မရ ဓားမဆုံး ဖြစ်မဲ့ အနေအထားကို စိုးရိမ်နေပုံ ရတယ်လို့ သတင်းထောက်တွေက မှတ်ချက်ပေးနေပါတယ်။