ဗုံးခွဲတဲ့ တရားခံကို ဖော်ထုတ် အရေးယူမယ်လို့ ရုရှား သမ္မတ ပြောကြား

  • 25 ဇန်နဝါရီ 2011
Image caption ရုရှား သမ္မတ Dmitry Medvedev

ရုရှားနိုင်ငံ မော်စကိုလေဆိပ်မှာ ဗုံးခွဲတိုက်ခိုက်ခံရမှု ဖြစ်ပွားခဲ့တာကြောင့် လူ၃၅ယောက် သေဆုံးသွားပြီး အများအပြား ဒဏ်ရာရခဲ့ပါတယ်။

ဒါဟာ အသေခံဗုံးခွဲသမားရဲ့ လက်ချက် ဖြစ်နိုင်ရှိတယ်လို့ စုံစမ်း ထောက်လှမ်းရေး အရာရှိတွေက ပြောပါတယ်။

မိုဘိုင်း တယ်လီဖုန်းနဲ့ ရိုက်ကူး ပေးပို့ထားတဲ့ ဗီဒီယို ရုပ်ပုံတွေအရ အဆောက်အဦ တခုလုံး မီးခိုးတွေနဲ့ ဖုံးသွားပြီး လူတွေလည်း ကြမ်းပြင်ပေါ်မှာ အတုံးအရုံး ဖြစ်နေတာ တွေ့ရပါတယ်။

ဖောက်ခွဲမှုရဲ့ နောက်ကွယ်က တရားခံတွေကို ဖော်ထုတ် အရေးယူမယ်လို့လည်း သမ္မတ Dmitry Medvedev က ဆိုပါတယ်။

ပြီးခဲ့တဲ့ မတ်လတုန်း ကလည်း ကော့ကေးဆပ် မြောက်ပိုင်း ဒေသက အသေခံ ဗုံးခွဲသမားနှစ်ယောက်ဟာ မော်စကိုမြို့က မြေအောက်ရထား ဘူတာရုံကို တိုက်ခိုက်ခဲ့ တာကြောင့် လူလေးဆယ်ကျော် သေဆုံးခဲ့ရပါသေးတယ်။

အဲဒီလို ဖြစ်ပွားမှုနောက်ပိုင်းမှာ ဒီပေါက်ကွဲမှုက အကြီးမားဆုံး ဖြစ်ပါတယ်။

မော်စကိုလေဆိပ် ဗုံးခွဲခံရမှုနဲ့ ပတ်သက်လို့ တုန်လှုပ်ဖွယ် ကောင်းပြီး မခံမရပ်နိုင်စရာဘဲလို့ သမ္မတ အိုဘားမားက ပြောကြား ၊ ရှုတ်ချလိုက်ပါတယ်။

တိုက်ခိုက်မှု လက်သည် တရားခံတွေကို ဥပဒေကြောင်းအရ အရေးယူနိုင်ဖို့ လိုအပ်တဲ့အကူအညီတွေ ပေးပါမယ်လို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန်က ကမ်းလှမ်းခဲ့ပါတယ်။

ဒီဗုံးခွဲမှုကို တူရကီနိုင်ငံကလည်း ရှုတ်ချလိုက်ပြီး စပိန်အစိုးရကတော့ ဆိုးရွား ယုတ်မာလွန်းတဲ့ အကြမ်းဖက် တိုက်ခိုက်မှုလို့ ဆိုပါတယ်။

နေတိုးအဖွဲ့ အကြီးအကဲ Anders Fogh Rasmussen ကတော့ ဒီတိုက်ခိုက်မှုကို ကြားရတော့ တုန်လှုပ်ခဲ့ရကြောင်း ထုတ်ဖော် ပြောကြားခဲ့ပါတယ်။