လေဆိပ်တွေ လုံခြုံအောင် ဘယ်လောက် လုပ်နိုင်မလဲ

Airport security
Image caption လုံခြုံရေး အစီအမံတွေက ဘယ်လောက် လုံလောက် သလဲ

မော်စကိုလေဆိပ်ဗုံးပေါက်ခဲ့မှုနဲ့ ပတ်သက်လို့ အာဏာပိုင်တွေကတော့ ဒါဟာ လေဆိပ်လုံခြုံရေး ကျိုးပေါက်မှု ဖြစ်တဲ့အတွက်လို့ အပြစ်တင်ပါတယ်။ ဒါပေမယ့် လူအများအပြား သွားလာနေတဲ့ လေဆိပ်တွေမှာ လုံခြုံရေး အပြည့်အဝ ယူဖို့နိုင်ဖို့ကလည်း ခေါင်းခဲစရာ ကိစ္စရပ်တစ်ခု ဖြစ်နေပါတယ်။

ကမ္ဘာတဝန်းက လေယာဉ်ခရီးသည်တွေ ပိုမိုအန္တရာယ်ကင်းဖို့ အတွက် လုံခြုံရေးစနစ်တွေ ပိုပြီး လုပ်ဆောင်လာကြတာကတော့ ပြီးခဲ့တဲ့ ၁၀ စုနှစ်တစ်ခုလုံးလို့ ပြောရမှာပါ။

ဒါပေမယ့်လည်း လူတွေ အမြာက် အများသွားလာနေကြတဲ့ လေဆိပ်လို့ နေရာမျိုးတွေမှာ လုံးဝဥဿုံ လုံခြုံစိတ်ချနိုင်ဖို့ ဘယ်လို လုပ်နိုင်မလဲဆိုတာ မေးစရာပါ။ ဒါပေမယ့် အဖြေကတော့ မရှိသေးပါဘူး။

လေဆိပ်တွေမှာဆိုရင် air side လို့ခေါ်တဲ့ လုံခြုံရေးစနစ်တွေနဲ့ စစ်ဆေးပြီးသား လုံခြုံစိတ်ချရတဲ့နေရာနဲ့ ခရီးသည်အများအပြား စုဝေးနေတဲ့ အပြင်ဘက်ပိုင်းက လုံခြုံမှု နည်းနည်း လျော့နည်းတဲ့ နေရာဆိုပြီး နှစ်နေရာရှိပါတယ်။

ဒါပေမယ့်လည်း လုံခြုံပါတယ်ဆိုတဲ့နေရာတောင် ပြဿနာတွေ တက်ခဲ့တဲ့ သာဓကတွေက ရှိခဲ့ပါတယ်။ ဒါကြောင့် လုံခြုံရေးတွေ ထပ်တိုးပြီးလည်း လုပ်ပါ တယ်။ ဒါကြောင့်လည်း ၂၀၀၇ က စကော့တလန်က ဂလပ်စဂိုလေဆိပ်ကို ကားဗုံးဖောက်မယ့်အန္တရာယ်က ကြိုတင်ကာကွယ်နိုင်ခဲ့တဲ့ ဖြစ်ရပ်အပါအဝင် အကြမ်းဖက်မှုအန္တရာယ် တားဆီးနိုင်ခဲ့တာတွေ ရှိခဲ့ပါတယ်။

လုံခြုံရေးတွေ တိုးလုပ်တဲ့နေရာမှာတော့ လေဆိပ်တစ်ခုနဲ့တစ်ခု လုပ်ကြတဲ့ စနစ်ချင်းတော့ မတူပါဘူး။ အစ္စရေးက Ben Gurion လေဆိပ်မှာဆိုရင် ဝင်ရောက်လာတဲ့ ခရီးသည်တိုင်းကို စက်နဲ့ စစ်ဆေးပါတယ်။ ဒါပေမယ့် တချို့နိုင်ငံတကာလေဆိပ်တွေမှာကျ ထွက်ခွာတဲ့ ခရီးသည်တိုင်းကိုသာ စက်နဲ့ စစ်ပါတယ်။

ကားဗုံးလိုမျိုး ယာဉ်နဲ့တိုက်ခိုက်လာမှာစိုးတဲ့အတွက် ယာဉ်တွေကို စစ်ဆေးတာတွေ ပိုလုပ်ကြသလို လေဆိပ်ထဲမှာလည်း လုံခြုံရေးဝန်ထမ်းတွေကို ယူနီဖောင်းနဲ့ရော အရပ်ဝတ်နဲ့ပါ ပိုပြီး တွေ့လာရပါတယ်။

သတိပေးမှုတစ်ခုခုရှိထားရင် သူတို့ကို ပိုပြီးတွေ့ရသလို ခွေးနဲ့အနံ့ခံခိုင်းတာ၊ ခေတ်မီကိရိယာတွေနဲ့ စစ်ဆေးတာတွေ ပိုလုပ်ကြ ပါတယ်။ ဒါပေမယ့်လည်း စစ်ဆေးမှုတွေ ပိုများရင် လေဆိပ်မှာ လူတွေ ပိုပြီး စုပြုံလာမှာမို့ ဒါက အကြမ်းဖက်သမားတွေအတွက် ပစ်မှတ်ကြီးတစ်ခု ပိုဖြစ်လာနိုင်တယ်လို့ ကျွမ်းကျင်သူတွေက သတိပေးကြပါတယ်။ ဒါကြောင့် လုံခြုံရေးကောင်းဖို့ စိတ်ကူးကြပေမယ့်လည်း တစ်ဘက်မှာ လိုတာထက် ပိုပြီးလုပ်သလို ဖြစ်နေနိုင်တာကိုလည်း တချို့ကျွမ်းကျင်သူတွေက သတိပေးနေပြန်ပါတယ်လို့ ဘီဘီစီ ကာကွယ်ရေးနဲ့ လုံခြုံရေးဆိုင်ရာ သတင်းထောက် နစ်ချိုင်းက ဆိုပါတယ်။