အီဂျစ်မှာ အပြောင်းအလဲ ကလင်တန် တိုက်တွန်း

  • 27 ဇန်နဝါရီ 2011
Egypt
Image caption ကိုင်ရို သတင်းထောက်ရုံးကို ဝင်စီးဖို့ ကြိုးစားနေစဉ်

အီဂျစ် နိုင်ငံမှာ အစိုးရ ဆန့်ကျင်ရေး ဆန္ဒ ပြမှုတွေ ဒုတိယနေ့ အဖြစ် ဆက်လက် ဖြစ်ပွားနေပြီး လူနှစ်ယောက် ထပ်မံ သေဆုံးခဲ့တယ်လို့ သတင်းရပါတယ်။

ဆူပူမှုတွေကို ဥပဒေအရ အရေးယူမယ်လို့ အစိုးရက ပြောဆိုခြိမ်းခြောက် နေတဲ့ကြားက ဆန္ဒပြနေကြတဲ့ ထောင်သောင်းချီတဲ့ လူအုပ် ကြီးနဲ့ ရဲတွေ ထိပ်တိုက် ရင်ဆိုင်မှု ဖြစ်ပွားခဲ့ပြီး ရဲက မျက်ရည်ယိုဗုံးတွေ သုံးကာ လူစုခွဲ ခဲ့ပါတယ်။

ဆူးအက်စ် ဆိပ်ကမ်းမှာတော့ ဆန္ဒပြသူတွေက အစိုးရပိုင် အဆောက်အဦ တခုကို မီးရှို့ ခဲ့ပါတယ်။

အာဏာပိုင်တွေ အနေနဲ့ ရလာတဲ့ အခွင့်အရေးကို အမိအရ အသုံးချပြီး နိုင်ငံရေးနဲ့ စီးပွားရေး ဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်ဖို့ လိုတယ်လို့ အမေရိကန် အစိုးရက ယုံကြည်ကြောင်း နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန်က ပြောပါတယ်။

ခုနောက်ဆုံး အမေရိကန် အစိုးရက အီဂျစ်မှာ ငြိမ်းငြိမ်း ချမ်းချမ်းနဲ့ ဆန္ဒပြခွင့် ပြုဖို့၊ အင်တာနက်ဆိုက်တွေကို ပိတ်ပင် တားဆီးတာတွေ မလုပ်ဖို့ တောင်းဆို ခဲ့ပါတယ်။

ကြည့်ရတာ အမေရိကန် အစိုးရဟာ အရှေ့အလယ်ပိုင်းက ခန့်မှန်းရ ခက်တဲ့ အခြေ အနေတွေကို အလျင်မှီ လိုက်နိုင်ဖို့ အခက်အခဲ တွေ့နေပုံ ရပါတယ်။

တူနီးရှားနဲ့ လက်ဘနွန် နိုင်ငံတွေမှာ မကြာသေးခင်က တွေ့ခဲ့ရတဲ့ မငြိမ်သက်မှုတွေလိုပဲ ခု အီဂျစ်မှာ တနေ့တခြား ကြီးထွားလာနေတဲ့ နိုင်ငံရေး မငြိမ်မသက်မှုတွေမှာ အမေရိကန် အစိုးရ အငိုက်မိသွားပုံ ရပါတယ်။

အစကတော့ အမေရိကန်တွေက တသက်လုံး သူတို့ မဟာမိတ် အဖြစ် သဘောထားတဲ့ မူဘာရက် အစိုးရကို ထောက်ခံသလိုလို ပုံစံ ပြခဲ့ပါတယ်။

ဒါပေမယ့် အီဂျစ်က လူထု ဆန္ဒပြမှု လှိုင်းလုံးကြီး အရှိန်ရလာချိန်မှာ နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန်က အီဂျစ် အစိုးရ အနေနဲ့ ခုလို အခွင့်အခါကောင်းကို အမိအရ ဆုပ်ကိုင်ပြီး ပြုပြင် ပြောင်းလဲမှုတွေ လုပ်ဖို့ တိုက်တွန်း လာပါတယ်။

အမေရိကန် အစိုးရဟာ အင်မတန်မှ သိမ်မွေ့တဲ့ လမ်းကြောင်းအတိုင်း လျှောက်နေပုံ ရပါတယ်။

တဘက်မှာ အီဂျစ်နဲ့ အာရပ် ကမ္ဘာက ဒီမိုကရေစီ တောင်းဆိုတဲ့ လှုပ်ရှားမှုတွေကို ထောက်ခံသူ အဖြစ် သူ့ကို ကမ္ဘာက မြင်တာမျိုး ဖြစ်ချင်ပါတယ်။

တဘက်မှာလည်း အစ္စလာမ် ဝါဒီ လှုပ်ရှားမှုတွေ အရှိန် ရလာပြီး မတည်မငြိမ် ဖြစ်လာမှာကို စိုးရိမ်နေပုံ ရပါတယ်။

တကယ်တော့ အမေရိကန် အစိုးရဟာ အာရပ် ကမ္ဘာမှာ လူ့အခွင့်အရေးကို မလေးစားတဲ့ အစိုးရတွေကို ဆယ်စုနှစ်ပေါင်းများစွာ ဒေါ်လာ ဘီလီယံချီ သုံးပြီး အားပေး ထောက်ခံ နေတယ်လို့ ဝေဖန် ခံနေရာတာ ဖြစ်ပြီး ခုတော့ ဒီလို အစိုးရတွေကို ထောက်ခံခဲ့တဲ့ လုပ်ရပ် တွေဟာ ကိုယ့်ဘက် ပြန်လှည့်လာမဲ့ အနေအထား ရှိနေတယ်လို့ ဘီဘီစီ သတင်းထောက်တွေက ကိုင်ရိုကနေ သတင်း ပေးပို့ထားပါတယ်။