အရှေ့အလယ်ပိုင်းမှာ ဆန္ဒပြပွဲတွေ ပြန့်

  • 27 ဇန်နဝါရီ 2011

ယီမင်နိုင်ငံမှာ သမ္မတကို ရာထူးက ဆင်းပေးဖို့ ကြွေးကြော် ဆန္ဒပြပွဲတွေက ကြာသပတေးနေ့ မှာလည်း လူစုလူဝေး ကြီးကြီးမားမားနဲ့ မြို့တော် ဆားနားမှာ ဆက်ဖြစ်နေပါတယ်၊ ဦးဆောင်သူတွေကတော့ တက္ကသိုလ် ကျောင်းသားတွေနဲ့ လူငယ်တွေပါ။

Image caption ယီမင် ဆန္ဒပြသူတွေက သမ္မတဆင်းပေးဖို့ တောင်းဆို

ဒီဆန္ဒပြပွဲတွေ ဟာ အိမ်နီးချင်း အီဂျစ်နဲ့ တူနီးရှားမှာ ဖြစ်ခဲ့တဲ့ အလားတူ ဆန္ဒပြပွဲတွေနဲ့ ဆက်တိုက်ဆိုသလို ဖြစ်လာခဲ့တာပါ။

တူနီးရှားဆန္ဒပြပွဲတွေဆိုရင် နှစ်ပေါင်း ၃၀ နီးပါးအုပ်စိုးလာခဲ့တဲ့ သမ္မတ ဇိုင်းဘင်အလီ ပြုတ်ကျသွားတဲ့ အထိ ဖြစ်ခဲ့ပါတယ်။

ဒါကြောင့်ပဲ ယီမင်တို့ အီဂျစ်တို့က ပြည်သူတွေ က အားတက်လာပြီး သူတို့နိုင်ငံတွေမှာ အစိုးရဆန့်ကျင်ရေး သမ္မတ ရာထူးက ဆင်းပေးရေး ဆန္ဒပြပွဲတွေ လိုက်လုပ် လာကြတာ ဖြစ်ပါတယ်။

ဒီနိုင်ငံအားလုံးမှာ ပြည်သူတွေက ဆင်းရဲ မွဲတေမှု ပြဿနာ၊ အလုပ်လက်မဲ့ ပြဿနာတွေနဲ့ ရင်ဆိုင်နေရပြီး တဖက်မှာတော့ အုပ်ချုပ်သူတွေက နှစ်ပေါင်းများစွာ အပြောင်းအလဲ မရှိ အာဏာကို ချုပ်ကိုင်ထားကြသူတွေ ဖြစ်နေပါတယ်။

အစိုးရ အဖွဲ့အတွင်းမှာ အကျင့်ပျက် လာဘ်စားမှုတွေကလည်း ကျယ်ကျယ်ပြန့်ပြန့် ရှိနေ ကြပါတယ်။

ယီမင်သမ္မတ Ali Abdullah Saleh ဆိုရင် 1978 ခုနှစ်ကတည်းက အာဏာယူထားတာပါ၊ တိုင်းပြည်ကလည်း အာရပ်နိုင်ငံတွေထဲမှာ အဆင်းရဲဆုံးနဲ့ အကြမ်းဖက်မှု ပြဿနာတွေ အများကြီးနဲ့ ရင်ဆိုင်နေရပါတယ်။

အီဂျစ်မှာ ဆိုလည်း သမ္မတ မူဘာရက် အုပ်ချုပ်နေတာ နှစ်ပေါင်း ၃၀ ကျော်ပါပြီ၊ အသက် ၈၂ နှစ်ရှိလာပြီဖြစ်ပေမယ့် ရာထူးက မဆင်းသေးပဲနေနေပါတယ်၊ သူ အာဏာက ဆင်းရင် တောင် သူ့သားကို လွှဲပေးခဲ့မယ်ဆိုတဲ့ သတင်းတွေ ထွက်နေလို့ လူထုက မကြေနပ် ကြတာပါ။

ဓာတ်ပုံ မူပိုင် A
Image caption တူနီးရှားဆန္ဒပြပွဲတွေကို တခြားနိုင်ငံတွေက နမူနာယူ

တူနီးရှားနိုင်ငံမှာ ဆန္ဒပြသူ တစ်ယောက်က ကိုယ့်ကိုယ်ကို မီးရှို့ဆန္ဒပြခဲ့ပါတယ်၊ အဲဒီလူ အသက်ဆုံးသွားတဲ့ နောက်မှာ လူထုအုံကြွမှု ကြီးက ပိုကြီးလာပြီး သမ္မတ ဆင်းပေးရတဲ့ အထိ ဖြစ်ခဲ့တာပါ။

ဒါကို နမူနာယူပြီး အီဂျစ်မှာလဲ ဆန္ဒပြသူတွေ တစ်ယောက်ပြီး တစ်ယောက် ကိုယ့်ကိုယ်ကို မီးရှို့ပြခဲ့ကြပါတယ်။

သမ္မတ မူဘာရက် အစိုးရက လုံခြုံရေးတပ်ဖွဲ့ တွေ အင်အားသုံးပြီး တင်းတင်းကြပ်ကြပ် လူစုခွဲနေလို့ ဆန္ဒပြပွဲတွေဟာ တူနီးရှားမှာ လို အားကောင်းတဲ့ အထိ မရောက်နိုင်ခဲ့သေးပါဘူး။

အစိုးရတွေ ဆင်းပေးဖို့ ဆန္ဒပြပွဲတွေဟာ အာဖရိကနဲ့ အရှေ့အလယ်ပိုင်းက အယ်လ် ဂျီးရီးယား၊ ဂျော်ဒန်နဲ့ မော်ရိုကို နိုင်ငံတွေမှာလည်း ဖြစ်နေခဲ့ပါပြီ။

တူနီးရှားမှာ ဖြစ်ခဲ့တဲ့ အစိုးရဖြုတ်ချနိုင်ခဲ့တဲ့ ဆန္ဒပြပွဲတွေကနေဆက်ပြီး လူထုရဲ့ အထွေထွေ မကြေနပ်မှုတွေက လူထုအကျိုး မကြည့်တဲ့ အာဏာရှင်အစိုးရတွေကို ဆက်ခြိမ်းခြောက် လာနေပြီလို့ သုံးသပ်သူတွေက ရှုမြင်ကြပါတယ်။