အီဂျစ်အဓိကရုဏ်းတွေက ဘယ်လိုရိုက်ခတ်မှု ရှိ

  • 28 ဇန်နဝါရီ 2011
Egypt protests ဓာတ်ပုံ မူပိုင် BBC World Service
Image caption မကြေနပ်မှုတွေ တိုးနေတဲ့ လူထု နဲ့ ရဲတွေ ထိပ်တိုက် တွေ့

အီဂျစ်နိုင်ငံမှာ နှစ်ပေါင်း ၃၂ နှစ်ကြာ နိုင်ငံကို အုပ်ချုပ်နေတဲ့ သမ္မတ ဟော့စနီ မူဘာရက် ရာထူးက ဆင်းပေးဖို့ ဆန္ဒပြ တောင်းဆိုနေတဲ့ သောင်းချီတဲ့ လူအုပ်ကြီးနဲ့ ရဲတွေ တိုက်ခိုက်မှုတွေ နိုင်ငံ အနှံ့အပြားမှာ ဖြစ်ခဲ့ပါတယ်။

ဆန္ဒပြပွဲတွေ ဆက်တိုက်ဖြစ်နေတာ လည်း သုံးရက်လောက်ရှိနေပါပြီ။

၁၉၆၀ ပြည့်လွန်နှစ်တွေကို ပြန်ကြည့်မယ် ဆိုရင်တော့ အီဂျစ်နိုင်ငံဟာ အာရပ်ကမ္ဘာရဲ့ အချက်အချာ အကျဆုံးနိုင်ငံတစ်ခုပါ။

နှစ်ပေါင်း ၅၀ ကျော်အကြာ ဒီနေ့ခေတ်မှာတော့ အာရပ်ကမ္ဘာမှာ မဟာဗျူဟာအရ အဓိကကျတဲ့ နိုင်ငံတွေက အာရပ် မဟုတ်တဲ့ အစ္စရေး၊ တူရကီ နဲ့ အီရန်နိုင်ငံတွေ ဖြစ်နေကြပါပြီ။

ဒါပေမယ့်လည်း အီဂျစ်နိုင်ငံဟာ နိုင်ငံရဲ့ကျယ်ဝန်းမှုနဲ့ စစ်ရေးအင်အားကြီးမှုက အာရပ်နိုင်ငံတွေ အတွင်း အသံကျယ်ကျယ် ပြောနိုင်သေးတဲ့ အဆင့်မှာတော့ ရှိပါတယ်။ နောက်ပြီး အီဂျစ်ဟာ ဒေသတွင်းမှာ အစ္စရေးပြီးရင် ဒုတိယအများဆုံး အမေရိကန်ရဲ့ စစ်ရေးအကူအညီရထားတဲ့ နိုင်ငံပါ။ အဲဒီလို ဒေသတွင်းမှာ အရေးကြီးတဲ့ အီဂျစ်အနေနဲ့ လက်ရှိ ကြုံနေရတဲ့ ပြဿနာ အရင်းခံတွေထဲမှာ ဒေသတွင်းတစ်ခုလုံးမှာလည်း ဖြစ်နေတဲ့ ဆင်းရဲမွဲတေမှုနဲ့ လူငယ်အရေအတွက်တိုးလာပြီး အလုပ်လက်မဲ့ များလာတာတွေ ပါဝင်ပါတယ်။

နောက်ပြီး စစ်မှန်တဲ့ ဒီမိုကရေစီစနစ် ကင်းမဲ့နေတာကလည်း အီဂျစ်သာမက ဒေသတွင်း တစ်ခုလုံးမှာ အကဲစမ်းစရာ ကိစ္စဖြစ်နေပါတယ်။ လတ်တလော တူနီးရှားနိုင်ငံမှာ သမ္မတကို ဖြုတ်ချနိုင်ခဲ့ပါတယ်။ ဒေသတွင်းကလည်း ဒီအဖြစ်အပျက်ကို နီးနီးကပ်ကပ် စောင့်ကြည့်နေကြပါတယ်။

ဒါပေမယ့်လည်း အီဂျစ်မှာ တကယ်လို့ သမ္မတ ဟော့စနီ မူဘာရက် ပြုတ်ကျသွားရင် နောက်ဆက်တွဲ ပြဿနာက တူနီးရှားနဲ့မတူပဲ ပို ကြီးမား လာနိုင်ပါတယ်။ တကယ်လို့ ဒီအစိုးရပြုတ်ကျရင် ဘယ်သူက အခြေအနေကို ထိမ်းနိုင်မလဲဆိုတဲ့ မရေမရာ ဖြစ်နေတဲ့ ပြဿနာ ရှိပါတယ်။

လက်ရှိအခြေအနေက အီဂျစ်က အတိုက်ခံ အစ္စလာမ်ပါတီအတွက် အခွင့်အရေးတစ်ရပ်ဖြစ်လာပြီလားဆိုတာလည်း မသေချာသေးပါဘူး။

စစ်တပ်ကနေ ဝင်ထိမ်းရတော့မယ့် အဆင့်ထိလည်း မရောက်သေးပါဘူး။ ဘာပဲဖြစ်ဖြစ် လက်ရှိ အီဂျစ်က ပြဿနာက အရှေ့အလယ်ပိုင်း ဒေသတွင်း သာမကပဲ အမေရိကန်နဲ့အပါအဝင် ကမ္ဘာ့သံတမန်ဆက်ဆံရေးတွေဆီကို ရိုက်ခတ်နေတာကတော့ အသေချာပဲ ဖြစ်ပါတယ်လို့ ဘီဘီစီ သံတမန် ရေးရာ သတင်းထောက် ဂျွန်နသန် မားကပ်စ်က ဆိုပါတယ်။