မြန်မာ့ စီးပွားရေး အထူးဇုန် ဥပဒေထုတ်ပြန်

  • 29 ဇန်နဝါရီ 2011
teak_burma
Image caption ကမ္ဘာကျော် မြန်မာ့ ပို့ကုန် ကျွန်းသစ်

ဇန်နဝါရီ ၂၇ ရက် ရက်စွဲနဲ့ မြန်မာ စစ် အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ လက်မှတ် ရေးထိုးပြီး မြန်မာ့ စီးပွားရေး အထူးဇုန် ဥပဒေကို ထုတ်ပြန်လိုက်ပါတယ်။

မြန်မာ နိုင်ငံမှာ စီးပွားရေး တိုးတက်ဖို့၊ နည်းပညာ တွေ ဖွံ့ဖြိုးတိုးတက်ဖို့ နဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေ များပြားလာဖို့ ဒီဥပဒေ ကို ပြဌာန်းတယ်လို့ ဆိုပါတယ်။

ဒီ ဥပဒေနဲ့ ပတ်သက်လို့ မြန်မာ့ စီးပွားရေး အခြေအနေတွေကို အမြဲ စောင့်ကြည့် လေ့လာနေတဲ့ အမေရိကန် အခြေစိုက် မြန်မာ့ စီးပွားရေး ပညာရှင် ဒေါက်တာ ဇော်ဦးကို ဘီဘီစီ က ဆက်သွယ် မေးမြန်းခဲ့ရာမှာ ဒေါက်တာ ဇော်ဦးက ရင်းနှီးမြုပ်နှံ သူတွေက ဥပဒေ ကိုပဲ ကြည့်ပြီး လာမယ်လို့ မျှော်လင့်နေလို့ မရကြောင်း နဲ့ မြန်မာ နိုင်ငံမှာ စီးပွားရေး အခြေခံနဲ့ ပတ်ဝန်းကျင်တွေ ကောင်းမွန် နေဖို့ လိုကြောင်း ပြောပါတယ်။

ဒီလို ဥပဒေမျိုးဟာ စီးပွားရေး ပြုပြင်ပြောင်းလဲမှု တွေလုပ်ပြီး နောက်က လိုက်လာတတ်တဲ့ ဥပဒေမျိုး ဖြစ်ကြောင်း နဲ့ ထူးခြားတာကတော့ ရင်းနှီးမြုပ်နှံမှု ကောင်းတဲ့ စီးပွားရေး ပတ်ဝန်းကျင် ဖြစ်အောင်၊ စီးပွားရေး ပေါ်လစီ ပြုပြင်ပြောင်းလဲ မှုတွေ မစသေးပဲ ဥပဒေ ချလိုက်တာ ပဲဖြစ်တယ်လို့ ဆိုပါတယ်။

ပတ်ဝန်းကျင် ကောင်းဆိုရာမှာ ငွေကြေး ဖောင်းပွမှု နည်းပြီး ဝယ်လိုအား အတန်အသင့် ရှိရမှာ ဖြစ်ပြီး၊ အခြေခံ အဆောက်အအုံ ရှိထားဖို့ လိုအပ်ပြီး ဒါတွေ မရှိရင် ဥပဒေက ဘယ်လောက် ကောင်းကောင်း ရင်းနှီးမြုပ်နှံ သူတွေကို ဆွဲဆောင် ဖို့ မဖြစ်နိုင်ကြောင်း နဲ့ ဆက်လက်ပြီး ဒီ ဥပဒေ နဲ့ ဆက်စပ် မှု ရှိတဲ့ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဥပဒေမျိုး၊ အလုပ်သမား အခွင့် အရေး ကာကွယ်တဲ့ ဥပဒေ မျိုးတွေကိုလဲ အမြန်ဆုံး ချနိုင်ဖို့ လိုတယ်လို့ ပြောသွားပါတယ်။

မြန်မာနိုင်ငံမှာ လာရောက်ပြီး ရင်းနှီးမြုပ်နှံသူတွေ အကုန်သိမ်းကြုံး လုပ်မသွားနိုင်အောင်နဲ့ သားစဉ်မြေးဆက် အကျိုးဖြစ်နိုင်အောင် အကျိုးစီးပွား တွေကို ကာကွယ်တဲ့ ဥပဒေ မျိုးကိုလဲ လုပ်ဖို့ လိုကြောင်း ပြောကြား သွားပါတယ်။