အီဂျစ် ထောက်လှမ်းရေး အကြီးအကဲ ဒုသမ္မတခန့်

  • 30 ဇန်နဝါရီ 2011
Egypt ဓာတ်ပုံ မူပိုင် RTV
Image caption မူဘာရက် ဇာတ်သိမ်းခန်းကို တောင်းဆိုနေသူများ

အီဂျစ်မှာ ဆန္ဒပြပွဲတွေ ငါးရက်ရလာ ချိန်မှာ သမ္မတ မူဘာရက်က ပထမဆုံး အကြိမ် အဖြစ် ဒုတိယ သမ္မတ တယောက်ကို ခန့်အပ် ခဲ့ပါတယ်။

သူကတော့ ထောက်လှမ်းရေး အကြီးအကဲ အိုးမား ဆူလေမန် ဖြစ်ပြီး လေကြောင်း ပျံသန်းရေး ဝန်ကြီးကိုလည်း မူဘာရက်က ဝန်ကြီးချုပ် အဖြစ် ခန့်အပ်ခဲ့ပါတယ်။

ဒါပေမယ့်လည်း သောင်းနဲ့ သိန်းနဲ့ ချီတဲ့ ဆန္ဒ ပြသူတွေကတော့ အပြင် မထွက်ရ အမိန့်ကို အာခံပြီး မူဘာရက်ကို ရာထူးက ဆင်းပေးဖို့ ဇွဲနဘဲနဲ့ ဆက်လက် တောင်းဆို ဆန္ဒပြနေဆဲ ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ ငါးရက် အတွင်း သေဆုံးသူ စုစုပေါင်းဟာ ခုနှစ်ဆယ်ကျော် ရှိသွားပြီ ဖြစ်ပါတယ်။

စိတ်ဝင်စားဖို့ ကောင်းတာက အစောပိုင်းက ဆန္ဒပြသူတွေကို ကိုင်တွယ်ဖို့ ချထားတဲ့ ရဲတွေ မရှိတော့ဘဲ လမ်းတွေပေါ်မှာ လုယက်မှုတွေ ရှိလာတယ်ဆိုတဲ့ သတင်းတွေ ထွက်လာ ပါတယ်။

ခုဆန္ဒ ပြမှုတွေဟာ ငါးရက်မြောက်နေ့ကို ဝင်လာချိန်ထိ အရှိန် မကျသွားတဲ့ အပြင် ပိုတောင်မှ အရှိန် ရလာပုံ ရပါတယ်။

ဘီဘီစီ သတင်းထောက် ဂျယ်ရမီ ဘိုဝင် အစောပိုင်းက သတင်းပေးပို့ရာမှာ ခုဆိုရင် ဆန္ဒပြသူတွေဟာ လူလတ်တန်းစားတွေနဲ့ သူတို့ရဲ့ သားသမီးတွေတင် မဟုတ်တော့ဘဲ့ ဆင်းရဲသား လူတန်းစားတွေပါ အမြောက်အမြား ထွက်လာတာ တွေ့ရပြီး ဒါကိုကြည့်ရင် မူဘာရက်ဟာ အတော့်ကို အကျဉ်းထဲ အကြပ်ထဲ ရောက်နေတာကို ပြနေတယ်လို့ သတင်းပေးပို့ပါတယ်။

စစ်တပ် ပစ်ရမှာ ဝန်လေး

တခါ ကိုင်ရိုမှာ ရောက်နေတဲ့ ဘီဘီစီ ကမ္ဘာ့ ရေးရာများ အယ်ဒီတာ ဂျွန်ဆင်ဆန်ကလည်း ခုဆန္ဒပြမှုတွေရဲ့ အင်အားကို ကြည့်ပြီး မူဘာရက် တယောက် အာဏာ ဆက်ထိန်းထား နိုင်မှာကို သံသယ ရှိတယ်လို့ ဆိုပါတယ်။

လူတွေဟာ အရမ်းကို ဒေါသထွက်နေကြပြီး နောက်ဆုံး လုံခြုံရေး တပ်ဖွဲ့တွေက ကျည်အစစ် တွေနဲ့ ပစ်တဲ့အထိ ဖြစ်လာပါတယ်။

ဒါပေမယ့် လူတွေရဲ့ ဒေါသက သူတို့ကို ပစ်နေတဲ့ လုံခြုံရေး တပ်ဖွဲ့တွေဆီကို ဦးတည်တာမျိုး မဟုတ်ဘဲ မူဘာရက်ကို မုန်းတီးတဲ့ဆီကို ဦးတည်နေတာ တွေ့ရပါတယ်။

လူတွေက အစိုးရကို လက်မခံတော့ဘူးဆိုပြီး ခုလို ပြသပြီးနောက်မှာ နိုင်ငံ ခေါင်းဆောင် တယောက်ဟာ ခေါင်းဆောင် အဖြစ်နဲ့ ဆက်ရပ်တည် နိုင်ဖို့ လိုအပ်တဲ့ ထောက်ခံမှုမျိုး ပြန်ရဖို့ မလွယ်တော့ဘူးလို့ ဂျွန်ဆင်ဆမ်က ပြောပါတယ်။

ဒါပေမယ့်လည်း ခုချိန်ထိတော့ မူဘာရက် ဆင်းပေးမဲ့ အရိပ်အယောင် မတွေ့ရသေးပါဘူး။

စိတ်ဝင်စားဖို့ ကောင်းတာက တူနီးရှား နိုင်ငံက ဆန္ဒပြပွဲတွေမှာတော့ သမ္မတ ဘင်အာလီဟာ ခုလောက် တောင့်မခံနိုင်ဘဲ ထွက်ပြေးခဲ့ရပြီး အီဂျစ်မှာတော့ မူဘာရက် ခုထိ တင်းခံ နိုင်နေတာ ဖြစ်ပါတယ်။

ဒီလို ဖြစ်ရတာဟာ တူနီးရှား အဖြစ်အပျက်မှာ စစ်တပ်က ဆန္ဒပြသူတွေဘက်က ရပ်ဖို့ ဆုံးဖြတ်ခဲ့ပြီး ခုအီဂျစ်မှာတော့ ဒါမျိုး လောလောဆယ် မတွေ့ရသေးဘူးလို့ သတင်းထောက်တွေက မှတ်ချက် ပေးပါတယ်။

ဒါပေမယ့်လည်း အခြေအနေက ချက်ချင်း ဆိုသလို ပြောင်းသွား နိုင်ပါတယ်။

ခုဆိုရင်ဘဲ ဘီဘီစီကနေ ကိုင်ရိုကို ဆက်သွယ်ပြီး မြို့ခံတွေကို မေးကြည့်ရသလောက်က စစ်သားတွေက ဆန္ဒပြသူတွေကို ပစ်ဖို့ ဝန်လေးနေတာ တွေ့ရတယ်လို့ ပြောပြကြပါတယ်။

မြို့ထဲမှာ တင့်ကားတွေ ရှိနေတယ်၊ စစ်သားတွေကို လူတွေက လက်ဆွဲ နှုတ်ဆက်ကြ၊ လက်ဝှေ့ရမ်း နှုတ်ဆက်ပြနေကြပြီး စကားပြောနေတာ တွေ့ရတယ်၊ ခုချိန်ထိတော့ စစ်တပ်က မူဘာရက်ကို ပြန်ဆန့်ကျင်တာမျိုး မတွေ့ရသေးဘူလို့ ဂျွန်ဆင်ဆမ်က သတင်းပေးပို့ ထားပါတယ်။

နိုင်ငံတကာ တုန့်ပြန်မှု

ခုနောက်ဆုံး နိုင်ငံတကာရဲ့ တုန့်ပြန်မှုတွေကို ကြည့်ရင် အမေရိကန် သမ္မတ အိုဘားမားက အီဂျစ်က နောက်ဆုံး အခြေအနေတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးဖို့ သူ့ရဲ့ နိုင်ငံတော် လုံခြုံရေး အဖွဲ့က လူတွေနဲ့ အထူး အစည်းအဝေး ခေါ်ယူခဲ့ပါတယ်။

အစည်းအဝေး အပြီးမှာ ထုတ်ပြန်တဲ့ ကြေငြာချက်မှာ အီဂျစ် အစိုးရကို နိုင်ငံရေး ပြုပြင် ပြောင်းလဲမှုတွေ အတွက် တိတိကျကျ ပြတ်ပြတ်သားသား စလုပ်ဖို့ တိုက်တွန်းခဲ့ပါတယ်။

အီဂျစ်ဟာ အမေရိကန် အတွက် အရှေ့အလယ်ပိုင်းမှာ မဟာဗျူဟာ အရ အင်မတန် အရေးပါတဲ့ နိုင်ငံ ဖြစ်တာမို့ အီဂျစ်က အဖြစ်အပျက်တွေကို အမေရိကန်တွေက သေချာ စောင့်ကြည့်နေပါတယ်။

အမေရိကန်တွေဟာ အီဂျစ် စစ်တပ်နဲ့ ဆက်ဆံရေး ခိုင်ခိုင်မာမာ ရှိပြီး အမေရိကန်တွေက အီဂျစ်ကို ပေးတဲ့ ထောက်ပံ့ငွေဟာ တနှစ်ကို အမေရိကန် ဒေါ်လာ သန်းတထောင့် ငါးရာထိ ရှိပါတယ်။

နောက်ပြီး ခုအသစ် ခန့်လိုက်တဲ့ အီဂျစ် ဒုတိယ သမ္မတနဲ့ ဝန်ကြီးချုပ် နှစ်ယောက် စလုံးဟာ အမေရိကန် နိုင်ငံရေး အသိုင်းအဝိုင်းမှာ လူသိများတဲ့ ပုဂ္ဂိုလ်တွေ ဖြစ်ပါတယ်။

နှစ်ယောက်စလုံးဟာ အမေရိကန် အစိုးရနဲ့ အများကြီး ပတ်သက်ဖူးပြီး ဒီလူ နှစ်ယောက်ကို အရေးပါတဲ့ နေရာ ခန့်လိုက်တာက မူဘာရက်ရဲ့ ရွှေ့ကွက်ကို မှန်းကြည့်လို့ ရနိုင်တယ်လို့ ဘီဘီစီ သတင်းထောက်တွေက သတင်းပေးပို့ထားပါတယ်။