အီဂျစ်သမ္မတ မူဘာရက် တပ်မှူးတွေနဲ့ ဆွေးနွေး

  • 30 ဇန်နဝါရီ 2011
ဓာတ်ပုံ မူပိုင် Reuters
Image caption သမ္မတဟာ လုံခြုံရေး အစီအစဉ်တွေကို ပြန်လည် သုံးသပ်မှုတွေ လုပ်ခဲ့

အီဂျစ်သမ္မတ ဟော့စနီ မူယာရက်ဟာ စစ်ဌာနချုပ်တခုကို သွားရောက်ပြီး၊ ထိပ်တန်းစစ်ဖက်ဆိုင်ရာ အရာရှိတွေနဲ့ ဒီကနေ့ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။

သမ္မတဟာ လုံခြုံရေး လှုပ်ရှားမှု အစီအစဉ်တွေ ကို ပြန်လည်သုံးသပ်မှုတွေ လုပ်နေခဲ့တယ်လို့ နိုင်ငံပိုင် ရုပ်မြင်သံကြားကနေ ကြေညာသွား ပါတယ်။

မြို့တော် ကိုင်ရိုမှာတော့ စစ်တပ်ကို အကြီး အကျယ်ချထားပြီး၊ လူထုတွေကတော့ ၆ ရက်မြောက်နေ့ အဖြစ် လမ်းမတွေပေါ် ထွက်ပြီး အစိုးရဆန့်ကျင်ဆန္ဒပြပွဲတွေ ပြုလုပ်နေပါတယ်။

အခုလို မမျှော့်လင့်ပဲ အစိုးရ ဆန့်ကျင်ဆန္ဒပြမှုတွေ ၆ ရက်ကြာ ဖြစ်ပွားခဲ့ပြီးနောက်၊ သေကြေ ထိခိုက်ဒဏ်ရာရတဲ့ အခြေနေတွေ နဲ့ပတ်သက်ပြီး စိုးရိမ်မှုတွေ တိုးပွားလာ နေပါတယ်။

ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း မြို့တော် ကိုရိုမှာတင် လူ ၅၀ လောက် သေဆုံးခဲ့တယ်လို့ ဆရာဝန် တဦးက ဘီဘီစီကို ပြောပါတယ်။

အီဂျစ်နိုင်ငံတလွှားမှာတော့ အကြမ်းဖက်မှုတွေအတွင်း လူပေါင်း ၁ ရာကျော်လောက် သေဆုံးခဲ့တယ်လို့ ယုံကြည်ရပါတယ်။

ဓာတ်ပုံ မူပိုင် bbc
Image caption ဆန္ဒပြသူတွေဟာ မြို့လယ်ရင်ပြင်မှာ စုရုံးခဲ့ကြ ပါတယ်

ကိုင်ရိုမြို့မှာတော့ တင့်ကားတွေနဲ့ သံချပ်ကာ ကားတွေဟာ လူတွေ မြို့လယ်ရင်ပြင်မှာ စုဝေးလို့မရအောင် တားဆီးမှုတွေ ပြုလုပ် နေပါတယ်။

အခုအချိန်အထိတော့ စစ်သားတွေဟာ ဆန္ဒပြသူတွေနဲ့ ချစ်ကြည် ရင်းနှီးတဲ့ပုံမျိုး ရှိနေတယ်လို့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

ဒါပေမယ့်လို့ အခုလို အစိုးရဆန့်ကျင်တဲ့ ဆန္ဒပြ ပွဲတွေ အကြောင်း သတင်း ထုတ်လွှင့်မှုတွေကို အာဏာပိုင်တွေက ပိုမိုကန့်သတ်မှုတွေ လုပ်လာရာ၊ အခုဆိုရင် အာရတ် တီဗီသတင်းဌာန အဲလ်ဂျာဇီးယားရဲ့ အီဂျစ် သတင်း ကွန်ယက်ကို ပိတ်ပစ်လိုက်ပြီဖြစ်ပါတယ်။

အီဂျစ်မှာ ရှိတဲ့ အဲလ်ဂျားဇီးယား သတင်းလုပ်ငန်းတွေအားလုံး ရပ်ဆိုင်းထားဖို့ အစိုးရက အမိန့်ထုတ်ပြန်လိုက်တယ်ဆိုတာကို အီဂျစ် နိုင်ငံပိုင် သတင်းဌာနက ကြေညာသွားပါတယ်။

အဲလ်ဂျာဇီးယား သတင်းဌာနရဲ့ လုန်းငန်းလုပ်ပိုင်ခွင့် လိုင်စင်ကို ရုပ်သိမ်းလိုက်ပြီး၊ အဲဒီက သတင်းသမားတွေနဲ့ ဝန်ထမ်းတွေကို ထုပ်ပေးထားတဲ့ လတ်မှတ်တွေ ကိုလည်း ပြန်လည် သိမ်းယူလိုက်ပါတယ်။

ဒီသတင်းဌာနဟာ ဆန္ဒပြပွဲတွေအကြောင်း အနီးကပ် သတင်းရယူ ထုတ်လွှင့်ပေးနေတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့အပတ်ကတော့ အီဂျစ် အာဏာပိုင်တွေဟာ အင်တာနက်နဲ့ လက်ကိုင် ဖုန်းလိုင်းတွေကို ဖြတ်တောက်ခဲ့ပါတယ်။

ကယ်ဆယ်ရေးဆောင်ရွက်

Image caption အစ္စရေးဝန်ကြီးချုပ်က အီဂျစ်အခြေအနေကို အနီးကပ် စောင့်ကြည်နေပါတယ်

အမေရိကန်ပြည်ထောင်စုကတော့ အီဂျစ်မှာ ပိတ်မိနေတဲ့ သူတို့နိုင်ငံသားတွေကို နိုင်ငံကနေ ထွက်ခွာနိုင်အောင် စီစဉ်ဆောင်ရွက်နေ ပါတယ်။

အီဂျစ်မှာရှိတဲ့ အမေရိကန်နိုင်ငံသားတွေ အနေနဲ့ ဖြစ်နိုင်သမျှ အမြန်ဆုံးထွက်ခွာကြဖို့ ကိုင်ရိုမှာ ရှိတဲ့ အမေရိကသံရုံးက တိုက်တွန်းနေပါတယ်။

ဥရောပက ကယ်ဆယ်ရေး စုံရပ်နေရာတွေ အရောက် အထူးလေယာဉ်တွေ စီစဉ်ထားတယ် လို့လည်း အမေရိကန် သံရုံးကပြောပါတယ်။

အစ္စရေးဝန်ကြီးချုပ် ဘန်ဂျမင် နတ်တန်ယာဟု ကလည်း အီဂျစ်က အခြေအနေတွေကို ဂရုတစိုက် စောင့်ကြည့်နေတယ်လို့ ပြောတယ်။

တူရကီနိုင်ငံကလည်း သူ့နိုင်ငံသားတွေကို ကယ်ထုတ်ဖို့အတွက် လေယာဉ်တွေ ပို့ပေးနေ ပါတယ်။