အီဂျစ် ဆန္ဒပြပွဲ ပြန်လည် တင်းမာ

  • 31 ဇန်နဝါရီ 2011
Egypt demonstration ဓာတ်ပုံ မူပိုင် Getty
Image caption သတ္တမနေ့မြောက် အီဂျစ် ဆန္ဒပြပွဲ

ကိုင်ရိုမြို့တော်မှာ လူထု ဆန္ဒပြမှုတွေ ဖြစ်နေတာ ဒီကနေ့ဆို ၇ရက် တင်းတင်းပြည့်သွားပါပြီ။

ကာကီရောင် တင့်ကားတွေနဲ့ အားဖြည့်ထားတဲ့ စစ်ဆေးရေးဂိတ်တွေက စစ်သားတွေနဲ့ ထိပ်တိုက် ရင်ဆိုင်ရမယ့် အန္တရာယ်မျိုး ရှိနေတဲ့ ကြားက နောက်ထပ် ဆန္ဒပြသူတွေ လွတ်လပ်ရေး ရင်ပြင်မှာ စုဝေး ရောက်လာကြပါတယ်။

သောကြာနေ့ကတည်းက ပြန်ရုတ်သိမ်းထားခဲ့တဲ့ ရဲတပ်ဖွဲ့ဝင်တွေကိုလည်း ဒီကနေ့မှာတော့ လမ်းမတွေပေါ် ပြန်ချထားလိုက်ပါပြီ။

အီဂျစ် ပြည်ထဲရေး ဝန်ကြီးက အခုလို ကိုင်ရိုမြို့တော်က တချို့နေရာတွေမှာ ရဲတွေ ပြန်ချထားလိုက်တာဟာ စစ်တပ်နဲ့ ရဲ ပူးတွဲ ဆောင်ရွက်ဖို့ ဖြစ်တယ်လို့ ပြောသွားပါတယ်။

ဒါပေမဲ့ ဆန္ဒပြသူ အတော်များများကတော့ သူတို့ရဲ့ ဆန္ဒပြမှုတွေကို ရဲတွေက တင်းတင်းကြပ်ကြပ် ကိုင်တွယ် ခဲ့တယ် ဆိုပြီး ခုချိန်ထိ ဒေါသထွက်နေကြဆဲပါ။

ကာဖြူးအမိန့်ကို အာခံပြီး လူစုလူဝေးနဲ့ ဆန္ဒပြနေ ကြတဲ့ လွတ်လပ် ရင်ပြင်ပေါ်မှာ တော့ စစ်ရဟတ်ယာဉ်တွေ ဆက်ပြီး ပျံဝဲ စောင့်ကြည့်နေကြဆဲပါ။

အခုရက်ပိုင်းတွေမှာ လူထုရှေ့ သိပ်မတွေ့ရတဲ့ သမ္မတ မူဘာရက် ကတော့ ဆန္ဒပြမှုူတွေကို အပြတ်အသတ် ချေမှုန်း နှိပ်ကွပ် ပစ်မဲ့ အစား ဖြည်းဖြည်းချင်း ထိန်းသွားတဲ့ နည်းကို သုံးနေတဲ့ ပုံမျိုးတွေ့ရတယ်လို့ ကိုင်ရိုမြို့မှာ ရှိတဲ့ ဘီဘီစီ သတင်းထောက်တွေက သုံးသပ်နေပါတယ်။