စစ်တပ်က ပြည်သူကို အင်အားသုံး ဖြိုခွင်းမှာ မဟုတ်လို့ ပြောပြီ

  • 1 ဖေဖော်ဝါရီ 2011
ဓာတ်ပုံ မူပိုင် BBC World Service
Image caption သမ္မတ မူဘာရက် နှုတ်ထွက်ဖို့ ပြည်သူတွေ တောင်းဆို

အီဂျစ်နိုင်ငံမှာ သမ္မတ ဟော်စနီမူဘာရက် ရာထူးက ဆင်းပေးဖို့ တောင်းဆိုနေတဲ့ ဆန္ဒပြ ပြည်သူတွေကို အင်အားသုံးပြီး ဖြေရှင်းမှာ မဟုတ်ဘူးလို့ စစ်တပ်က ပြောပါတယ်။

ဒါဟာ ပြည်သူတွေရဲ့ တောင်းဆိုမှုကို တရားဝင် အသိအမှတ် ပြုလိုက်တာဘဲလို့ ဆိုပါတယ်။

အခုတော့ ဆန္ဒပြသူတွေဟာ စစ်တပ်ရဲ့ ထောက်ခံမှုရသွားပြီ ဖြစ်တာကြောင့် သမ္မတရဲ့ ရာထူးက နှုတ်ထွက်ပေးဖို့ ရက်နီးလာနေပြီး လေ့လာသူ အများအပြားက ယူဆ နေကြပါတယ်။

အီဂျစ်နိုင်ငံ တလွှားမှာ တပတ်ကြာ ဆန္ဒပြမှုတွေ အတွင်း လူတရာနီးပါး သေဆုံးခဲ့ရပါတယ်။

ဆန္ဒပြ လှုပ်ရှားသူ တွေက ဒီနေ့ အင်္ဂါနေ့မှာ အထွေထွေ သပိတ်မှောက်ဖို့ ဆော်သြထားပြီး ကိုင်ရိုမြို့ တဝိုက်မှာ ချီတက်ကြမယ့် ဆန္ဒပြသူတွေ တသန်းလောက် ရှိလိမ့်မယ်လို့ မျှော်လင့် နေကြပါတယ်။

စစ်တပ်က ကြေညာချက် ထွက်လာပြီး မကြာခင်မှာဘဲ ဖွဲ့စည်းပုံ ပြုပြင် ပြောင်းလဲရေး အပါအဝင် ဆန္ဒပြသူတွေ တောင်းဆိုနေတဲ့ အချက် တချို့ အပေါ်မှာ နိုင်ငံရေး ပါတီတွေနဲ့ ဆွေးနွေးဖို့ ပန်ကြားထားကြောင်း အသစ်တက် လာတဲ့ ဒုတိယ သမ္မတ Omar Suleiman က ရုပ်မြင်သံကြား ကနေ ပြောကြား ခဲ့ပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့နှစ် ရွေးကောက်ပွဲမှာ မဲသမာမှုတွေ ရှိခဲ့တယ်လို့ အထောက်အထားတွေ ထွက်ပေါ်ခဲ့တဲ့ တချို့ဒေသတွေမှာ ရွေးကောက်ပွဲ အသစ် ကျင်းပပေးမယ်လို့ သူက ကြေညာခဲ့ပါတယ်။

မကြာသေးခင် ကမှ တက်လာတဲ့ အစိုးရအနေနဲ့ ဦးစားပေး လုပ်ဆောင်ရမှာက အဓိကကျပြီး ဆန္ဒပြသူတွေ တောင်းဆိုနေတဲ့ ဆင်းရဲမှု တိုက်ဖျက်ရေး ၊ အလုပ်လက်မဲ့ ပြဿနာနဲ့ အဂတိ လိုက်စားမှုတွေ ဖြစ်တယ်လို့ မစ္စတာ ဆူလိမန်က ကိုးကား ပြောဆို သွားခဲ့ပါတယ်။

အမေရိကန် အစိုးရက မတည်မငြိမ်ဖြစ်နေတဲ့ အီဂျစ် အရေးကို ဖြေရှင်းရအောင် အီဂျစ်ဆိုင်ရာ အမေရိကန် သံအမတ်အဖြစ် နှစ်ရှည်လများ တာဝန် ထမ်းဆောင်ခဲ့တဲ့ Frank Wisner ကို ကိုင်ရိုမြို့ကို စေလွှတ်ခဲ့ပါတယ်။

မစ္စတာ ဝိုက်စနာဟာ အီဂျစ် အာဏာပိုင်တွေနဲ့ တွေ့ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲတွေ ကျင်းပနိုင်ဖို့ လမ်းပွင့်လာအောင် နိုင်ငံရေး အပြောင်းအလဲတွေ လုပ်ဆောင်ဖို့ တိုက်တွန်းလိမ့်မယ်လို့ အမေရိကန် ပြောခွင့်ရ ပုဂ္ဂိုလ်က ဆိုပါတယ်။

မစ္စတာ ဝိုက်စနာဟာ အီဂျစ်သမ္မတ မူဘာရက်ရဲ့ အပြည့်အဝ ယုံကြည်မှု ရသူ တယောက်အဖြစ် ယူဆရကြောင်း ဝါရှင်တန်က ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

အီဂျစ်မှာ စနစ်တကျ ပြောင်းလဲမှု ဆိုတာဟာ နိုင်ငံရေး အပြောင်းအလဲတွေ ဖြစ်ပေါ်လာဖို့ပါလို့ အိမ်ဖြူတော် ပြောခွင့်ရသူ ရောဘတ် ဂစ်ဘ်စ်က အစောပိုင်း တုန်းက ပြောကြားခဲ့ပြီး အီဂျစ်ရဲ့ လက်ရှိ အခြေအနေက ရာထူးတွေ ပြောင်းလဲ ခန့်အပ်ဖို့ မဟုတ်ဘဲ ၊ တကယ် လုပ်သင့်တာတွေ လုပ်ဆောင်ရတော့မယ့် အချိန် ရောက်နေပြီလို့ ဆိုပါတယ်။

အီဂျစ်နိုင်ငံမှာ အစ္စလာမ် ဝါဒီအဖွဲ့တွေ လက်ထဲ အာဏာ ရောက်သွားမှာကို စိုးရိမ်ကြောင်းနဲ့ အဲဒါမျိုးတွေ အီရန်နဲ့ တခြား နေရာတွေ ဖြစ်ခဲ့တာကြောင့် ပူပင် မိတာပါလို့

အစ္စရေး ဝန်ကြီးချုပ် ဘန်ဂျာမန် နက်တန်ရာဟူးက ပြောပါတယ်။

အီဂျစ် အစ္စရေး ငြိမ်းချမ်းရေး စာချုပ်ကို ဆန့်ကျင်ပြီး ရာနဲ့ချီတဲ့ အီဂျစ် တပ်သား တွေကို ဆိုင်းနိုင်း ကျွန်းဆွယ် ထဲဝင်လာဖို့ အစ္စရေးက အထူး အခွင့်အရေး ပေးခဲ့ ပြီးတဲ့နောက် မစ္စတာ နက်တန် ရာဟူးရဲ့ ဝေဖန်ချက် အခုလို ထွက်ပေါ် လာတာ ဖြစ်ပါတယ်။

အီဂျစ် တပ်သားတွေကို အခုလို ဝင်ခွင့် ပေးလိုက်တာဟာ လက်ရှိ အခြေအနေတွေကို ထိန်းဖို့ အထောက်အကူ ဖြစ်စေလိမ့်မယ်လို့ အစ္စရေး အရာရှိတွေက ပြောပါတယ်။

အီဂျစ်နိုင်ငံမှာ နိုင်ငံရေး မတည်ငြိမ်မှုတွေကြောင့် ရေနံစျေးနှုန်းဟာ နှစ်နှစ်ကျော် အတွင်း အမြင့်ဆုံးစျေးကို ရောက်နေပါတယ်။

၂ဝဝ၈ခုနှစ်ကတည်းက ပထမဆုံးအနေနဲ့ ရေနံစိမ်း တစည်စျေးနှုန်းဟာ လန်ဒန်မှာ ဒေါ်လာတရာကျော်ထိ မြင့်တက်သွားပါတယ်။

အီဂျစ်ဟာ ရေနံနည်းနည်းသာ ထုတ်ပေမယ့် ပင်လယ်ကွေ့က ရေနံတွေ ဥရောပကို တင်ပို့ရာမှာ အရေးပါတဲ့ ဆူးအက်တူးမြောင်းကို ထိန်းချုပ်ထားတာ ကြောင့် အခုလို ရေနံစျေး တက်သွားရတာလို့ လေ့လာ သုံးသပ်သူတွေက ဆိုပါတယ်။