အီဂျစ် မြို့လယ် ရင်ပြင်မှာ ဆန္ဒပြသူတွေ တိုးလာ

  • 1 ဖေဖော်ဝါရီ 2011
tahrir ဓာတ်ပုံ မူပိုင် BBC World Service
Image caption ကိုင်ရို မြို့လယ် ကလွတ်လပ်ရေး ရင်ပြင် မှာ လူတွေ သိန်းချီ စုဝေး နေ

အီဂျစ်နိုင်ငံ မှာ ကြီးမားတဲ့ ဆန္ဒပြမှုတွေ ဆက်လက် ဖြစ်ပွားနေရာ သမ္မတ မူဘာရက် ရာထူးက နှုတ်ထွက်ပေးရေး အတွက် သိန်းနဲ့ ချီတဲ့ ဆန္ဒပြသူ တွေဟာ ကိုင်ရို မြို့လယ် မှာ ချီတက် စုဝေး နေကြ ပါတယ်။

ဆန္ဒပြသူ တ သန်းလောက် အထိ စုလာနိုင်ဖို့ အထိ စည်းရုံး လှုပ်ရှားသူတွေက ရည်မှန်း ထားပါတယ်။

ရထားတွေ လေယာဉ် တွေကို အာဏာပိုင်တွေက ပိတ်ထား ပေမယ့် လူ တ သန်း လောက် စုဝေးမယ့် မြို့လယ် က လွတ်လပ်ရေး ရင်ပြင် ကို လာကြ လိမ့်မယ်လို့ ဆန္ဒပြသူ တဦးက ပြော ပါတယ်။

အီဂျစ် ရဲ့ ဒုတိယ အကြီးဆုံးမြို့ဖြစ်တဲ့ အလက်ဇန္ဒြီးယား မှာလည်း ဆန္ဒပြပွဲတွေ ဆက်လက် ဖြစ်ပွား နေ ပါတယ်။

စစ်တပ် ဘက်ကတော့ သူတို့ဟာ ဆန္ဒပြသူတွေ ကို အကြမ်းဖက် နှိမ်နှင်း တာမျိုး မလုပ်ဘူး လို့ ပြောထား ပါတယ်။

ဆန္ဒပြသူတွေ ဟာ လူစုလူဝေး များ သထက်များ အောင်လုပ်ပြီး အစိုးရနဲ့ အတိုက်ခံပါတီတွေ ဆွေးနွေးပွဲ စားပွဲဝိုင်းဆီ ရောက်အောင် ဖိအားပေးဖို့ ရည်ရွယ် နေကြ ပါတယ်။

ဘီဘီစီ သတင်းထောက် တဦးက မြို့တော် ကိုင်ရို ရဲ့ အဓိက ရင်ပြင်မှာ ဆန္ဒပြသူတွေ နဲ့ ပြည့်ကြပ် နေပြီး၊ သူတို့ဟာ အောင်ပွဲခံ နေတဲ့ပုံမျိုး ရှိနေတယ် လို့ ဆိုပါတယ်။