ချက်ခြင်း ရာထူးက ဆင်းပေးမှာ မဟုတ်ဘူးလို့ မူဘာရက် ပြောပြီ

  • 2 ဖေဖော်ဝါရီ 2011
ဓာတ်ပုံ မူပိုင် BBC World Service
Image caption သမ္မတ ဆင်းပေးဖို့ တောင်းဆိုနေတဲ့ ကိုင်ရိုမြို့က ဆန္ဒပြသူတွေ

ဆူပူမှုတွေ ဖြစ်နေတဲ့ အီဂျစ်နိုင်ငံမှာ လက်ရှိ သမ္မတ သက်တမ်းကုန်တဲ့ အခါကျမှ ရာထူးက ဆင်းပေးမယ်လို့ သမ္မတ ဟော်စနီမူဘာရက် က ပြောပါတယ်။

သူ့ကို ရာထူးက နှုတ်ထွက်ပေးဖို့ တောင်းဆိုနေတဲ့ လူထုကြီးကို ရုပ်မြင်သံကြား ကတဆင့် မိန့်ခွန်း ပြောကြားရာမှာ လာမယ့် စက်တင်ဘာလမှာ ကျင်းပမယ့် ရွေးကောက်ပွဲ ကျရင် သူဝင်မပြိုင်တော့ ပါဘူးလို့ မစ္စတာ မူဘာရက်က ဆိုပါတယ်။

ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ဆိုင်ရာ ပြုပြင် ပြောင်းလဲမှုတွေ လုပ်ဆောင်ဖို့ အတက်နိုင်ဆုံး ကြိုးစားသွားမယ် လို့လည်း သူက ပြောကြားခဲ့ပါတယ်။

ဒါပေမယ့် ဆန္ဒပြသူတွေကို သူက ဝေဖန်ပြောကြားခဲ့ပြီး နိုင်ငံရေး အဖွဲ့အစည်း တွေရဲ့ လုပ်ကြံဖန်တီး စေ့ဆော်မှုကြောင့် အခုလို လူထု အုံကြွမှုဖြစ်ခဲ့တာ ၊ ဒါတွေက အီဂျစ်နိုင်ငံ တည်ငြိမ်ရေးကို အန္တရာယ်ပေး နေတယ်လို့ ဆိုပါတယ်။

အဆုံးမတော့ အီဂျစ်မြေက တဖဝါးမှ မခွာဘဲ ရိုးမြေကျတဲ့ အထိ နေသွားမှာ ဖြစ်တယ်လို့လည်း မိန့်ခွန်းထဲမှာ ထည့်သွင်း ပြောကြားသွားခဲ့ပါတယ်။

ကိုင်ရိုမြို့မှာ စုရုံး ဆန္ဒပြနေကြတဲ့ ထောင်သောင်းချီတဲ့ ဆန္ဒပြသမားတွေက သမ္မတ မူဘာရက်ရဲ့ မိန့်ခွန်းအပေါ် အပြုသဘောမဆောင်တဲ့ တုန့်ပြန်မှုတွေ ပေးခဲ့ကြပါတယ်။

တချို့က အော်ဟစ် လှောင်ပြောင် သရော်ခဲ့ကြပြီး တချို့ကလည်း အရှက် သိက္ခာ ရှိရှိနဲ့ ရာထူးက အခုဆင်းပေးလို့ ဟစ်ကြွေးကာ သူတို့ရဲ့ ဖိနပ်တွေကို လေထဲမှာ ဝှေ့ယမ်း အော်ဟစ်ခဲ့ကြပါတယ်။

မနေ့တုန်းကတော့ မစ္စတာ မူဘာရက် ချက်ခြင်း ဆင်းပေးဖို့ အီဂျစ်တလွှားမှာ တောင်းဆိုဆန္ဒပြမှုတွေ အများအပြား ဖြစ်ခဲ့ပါတယ်။

သမ္မတရဲ့ လိုက်လျောတဲ့ ပြောဆိုချက်ဟာ သူအာဏာ ဆက်လက် စွဲကိုင်ထားနိုင်ဖို့ လှည့်ကွက်တခုသာ ဖြစ်တယ်လို့ ထိပ်တန်း အတိုက်အခံ ခေါင်းဆောင်အဖြစ် ပေါ်ထွက်လာတဲ့ Mohamed ElBaradei က ပြောပါတယ်။

အီဂျစ်နိုင်ငံမှာ ဘယ်အစိုးရဘဲ တက်လာတက်လာ အစ္စရေးနဲ့ နှစ်ရှည်လများ ကတည်းက ချုပ်ဆိုထားတဲ့ ငြိမ်းချမ်းရေး စာချုပ်ကို လေးစားလိုက်နာ သင့်တယ်လို့ အစ္စရေး ဝန်ကြီးချုပ် ဘန်ဂျာမင် နက်တန်ရာဟူးက ပြောကြား လိုက်ပါတယ်။

အီဂျစ်က ဒီမိုကရေစီ ရေးရာ ပြောင်းလဲမှုတွေကို ထောက်ခံပေမယ့် ဒါတွေကို အကြမ်းဖက် အဖွဲ့တွေက အသုံးချသွားမှာ စိုးရိမ်မိပါတယ်လို့ မစ္စတာ နက်တန် ရာဟူးက ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

အဲဒီ ထုတ်ပြန်ချက်ထဲမှာ အီရန်က အစ္စလာမ် တော်လှန်ရေးက အမေရိကန်ကို ထောက်ခံ အားပေးတဲ့ ရှားဘုရင်ရဲ့ အုပ်ချုပ်မှု နေရာမှာ အစားထိုး ဝင်ရောက် လာတာနဲ့ နှိုင်းယှဉ် ပြောကြားထားပါတယ်။

၁၉ရ၉ ခုနှစ်တုန်းက အီဂျစ်ဟာ အစ္စရေးနဲ့ ငြိမ်းချမ်းရေး စာချုပ် ချုပ်ဆိုခဲ့ပြီး အဲဒီလို အစ္စရေးနဲ့ စာချူပ်ချုပ်ဆိုတဲ့ ပထမဆုံးသော အာရပ် နိုင်ငံလည်း ဖြစ်ပါတယ်။