အီဂျစ်တိုက်ခိုက်မှု ကြောင့် အသေအပျောက်ရှိ

  • 3 ဖေဖော်ဝါရီ 2011
ညလုံးပေါက်တိုက်ခိုက်မှုတွေဖြစ်ပွား ဓာတ်ပုံ မူပိုင် AP
Image caption ညလုံးပေါက်တိုက်ခိုက်မှုတွေဖြစ်ပွား

မနေ့ညက တိုက်ခိုက်မှုတွေ ဖြစ်ခဲ့ပြီးတဲ့ နောက် အီဂျစ် နိုင်ငံ ကိုင်ရို မြို့တော် အလယ်မှာ ဒီမိုကရေစီ လိုလားတဲ့ ဆန္ဒပြသူတွေကအတားအဆီးတွေ ချ ထားပြီး အခိုင်အမာ နေရာယူထားကြပြန်ပါပြီ ။

အခုချိန်ထိ လူ ငါးယောက်သေဆုံးပြီး ရှစ်ရာကျော် ဒဏ်ရာရ ခဲ့တယ်လို့ ကျန်းမာရေး ဝန်ကြီးက ကြေငြာခဲ့ပါတယ်။

သေနတ်ပစ်ဖောက်တာတွေ၊ တဘက်နဲ့ တဘက် လူအုပ်ထဲ ကို ဓါတ်ဆီ ဗုံးတွေနဲ့ ပစ်တာ တစ်ယောက်ကို တစ်ယောက် ကျောက်ခဲတွေနဲ့ ပစ်တာ တွေ ရှိခဲ့ပါတယ်။

တစ်ပတ်လုံးလုံး ပါဝင် ဆန္ဒပြနေခဲ့တဲ့ ဗြိတိသျှ အီဂျစ် ရုပ်ရှင် မင်းသား Khalid Abdalla ကလည်း ညက ဖြစ်ရပ်တွေထဲမျာ ရှိနေခဲ့ပါတယ်။ သူ့ အတွေ့ အကြုံကတော့သေနတ် တွေ မျက်ရည်ယိုဗုံးတွေနဲ့ ပစ်ခတ်ခဲ့ကြတယ်၊ တစ်ညလုံး သူတို့ ဆန္ဒ ပြသူ တွေကို ကိုယ်ရော စိတ်ပါ တိုက်ခိုက်ဖို့ ကြိုးပမ်းတာတွေ ရှိခဲ့တယ်၊ သူကိုယ်တိုင်တောင် သေနတ် ဒဏ်ရာ ရသူတွေကြားမှာ ရှိနေခဲ့တယ်၊ ခေါင်းကို ကျည်ဆန်ထိလို့ နဖူးကနေ ဦးနှောက် ပေါက်ထွက်လာသူ တစ်ယောက်ကိုလည်း တွေ့ခဲ့ရတယ်၊ ညဉ့်က သိပ်မှောင်နေပြီး အခြေ အနေတွေကလည်း သိပ်ကို တင်းမာ နေခဲ့တယ်လို့ ဗြိတိသျှ အီဂျစ် ရုပ်ရှင် မင်းသား က ပြောသွားတာပါ။

ဒဏ်ရာရသူတွေကို ကုသပေးနေခဲ့သူ ဆရာဝန် ဒေါက်တာ Nabil Ali Mas ကလည်းသုံးရာကနေ လေးရာလောက်အထိ ရှိနိုင်တဲ့ ဒဏ်ရာရသူတွေ အများကြီး သူတွေ့ခဲ့ရတယ်၊ ကျိုးတာပဲ့တာ၊ မျက်စိ ပျက်သွားတာ စတဲ့ နည်းမျိုးစုံနဲ့ ရတဲ့ ဒဏ်ရာတွေကို တွေ့နိုင်ပေမဲ့ သေနတ်ဒဏ်ရာတော့ သူ မတွေ့ခဲ့ဘူးလို့ ဒေါက်တာ Nabil Ali Mas ပြောသွားတာပါ။

Image caption ဒဏ်ရာရသူရာချီရှိ

သမ္မတ မူဘာရက်က လာမယ့် ဆောင်းဦးရာသီမှာ သူ ရာထူး ကနေ ဆင်းပေးပါ့ မယ်လို့ အင်္ဂါနေ့ က ကတိပေးခဲ့ပြီးတဲ့ နောက် ပဋိပက္ခ တွေက အရုပ်ဆိုး တဲ့ ဘက်ကို ပြောင်းသွားခဲ့ တာပါ။

Tahrir ရင်ပြင်မှာ ငြိမ်းချမ်းတဲ့ ဆန္ဒပြသူတွေကို ရက်ရက်စက်စက် တိုက်ခိုက် ခဲ့ကြသူ တွေဟာ လက်ရှိ အာဏာရ သမ္မတ မူဘာရက်ရဲ့ ပါတီဝင်တွေ ဖြစ်တယ်လို့ ကျယ်ကျယ် ပြန့်ပြန့် ယူဆနေကြတဲ့ အချက်က အစိုးရ အဖွဲ့တွင်းမှာ သဘောထား ကွဲလွဲမှုတွေ ဖြစ်စေခဲ့တာပါ။

အကြမ်းဖက်မှု တွေနဲ့ ပတ်သက်ပြီး စစ်တပ်က ဘယ်ဘက်ကို လိုက်မယ် ဆိုတာ ပြတ်ပြတ်သားသား မရှိတာ ကလည်း စစ်တပ် အတွင်း ကွဲနေတာကို ဖော်ပြနေပါတယ်။

ဒါပေမဲ့ မကြာသေးခင်က ထွက်လာတဲ့ သတင်းတွေ အရ အခြေ အနေတွေကို ငြိမ်သက် သွား အောင်လုပ်ဖို့ တင့်ကား တွေကို ရွှေ့လာခဲ့တယ်လို့ သိရပါတယ်။ အခု တော့ လက်ရှိ အစိုးရ အဖွဲ့တွင်း ကွဲလွဲမှုတွေက လက်ရှိ ပြဿနာကို ငြိမ်းချမ်းတဲ့ နည်းနဲ့ အလျင်အမြန် အဆုံးသတ်သွား စေနိုင်ရေးကို နှောင့်နှေးသွားနိုင်တယ် ဆိုတာ ကိုပဲ စိုးရိမ်နေကြတယ်လို့ ဘီဘီစီ သတင်းထောက် Magdi Abdelhadi က သုံးသပ်ပါတယ်။