ဒုသမ္မတ ၃ ဦး ကို ရွေးချယ်ခဲ့ကြ

  • 3 ဖေဖော်ဝါရီ 2011
thein sein
Image caption သမ္မတ ဖြစ်လာမယ် လို့ ထင်ကြေး ပေး ခံရ တဲ့ ဦးသိန်းစိန်

ကျင်းပနေတဲ့ လွှတ်တော် အစည်းအဝေး အသီးသီး ကနေ ဒုတိယ သမ္မတ ၃ ဦး ကို ကြာသပတေးနေ့ က ရွေးချယ် လိုက် ပါတယ်။

ပြည်သူ့ လွှတ်တော် က ဦးသိန်းစိန် ကို ဒုတိယ သမ္မတ အဖြစ် ရွေးချယ် လိုက် သလို၊ အမျိုးသား လွှတ်တော် က စိုင်းမောက်ခမ်း နဲ့ စစ်တပ် ကိုယ်စားလည် အစုအဖွဲ့ က ဦးတင်အောင် မြင့်ဦး ကို ဒုတိယ သမ္မတ တွေ အဖြစ် ရွေးချယ် ခဲ့ကြ ပါတယ်။

အခု ဒုတိယ သမ္မတ ၃ ဦး စလုံးဟာ နအဖ အစိုးရ က နောက်ခံ ရပ်ပေးထား တဲ့ ပြည်ထောင်စု ကြံ့ခိုင် ဖွံ့ဖြိုးရေး ပါတီ က ဖြစ်ပါတယ်။

ပြည်သူ့လွှတ်တော် မှာ ရွေးချယ်စဉ် ဦးသိန်းစိန် က ထောက်ခံမဲ ၁၇၆ မဲ ရပြီး ယှဉ်ပြိုင်ဖက် ဒုတိယ သမ္မတလောင်း ဦးစောသိန်းအောင် က ၃၈ မဲ ရကာ ပယ်မဲ က ၁၁ မဲ ရှိခဲ့ ပါတယ်။

အမျိုးသားလွှတ်တော် မှာ ဒေါက်တာ စိုင်းမောက်ခမ်း ရတဲ့ မဲ က အဲဒီလွှတ်တော်က ကြံ့ခိုင်ရေးပါတီ ဝင် အမတ် အရေအတွက် ထက် ပိုများ လို့ တခြားပါတီ၊ ဒါမှ မဟုတ် ပုဂ္ဂလိက အမတ် တွေဆီ က မဲတွေလည်း ရခဲ့တယ် လို့ တွက်ဆ နိုင် ပါတယ်။

သမ္မတ က တော့ လက်ရှိ ဝန်ကြီးချုပ် တာဝန်ယူထားတဲ့ ဦးသိန်းစိန် ပဲ ရနိုင်ကြောင်း သုံးသပ် သူ တွေက ဆိုပါတယ်။

အခု အစိုးရ ဟာ ပုံစံသာပြောင်းသွားတာ အရင် စစ်အစိုးရ က ခေါင်းဆောင်ပိုင်း တွေ က အခု အရပ်သား ပုံစံ နဲ့ ပြန် ဦးဆောင်လာတဲ့ ပုံစံ ဖြစ်တာမို့ နိုင်ငံရေး ပြုပြင် ပြောင်းလဲမှု တွေ ဖြစ်လာလိမ့် မယ် လို့ သိပ် မမျှော်မှန်း နိုင်ကြောင်း သုံးသပ် နိုင်တယ် လို့ ဗဟု ဖွံ့ဖြိုးရေး အင်အားစု က သုတေသီ ဦးအောင်သူငြိမ်း က ပြော ပါတယ်။

အရင်လို တဦးတည်း အာဏာ ယူထားတာ ကနေ အာဏာ ကို ခွဲဖြန့် ယူလာနဲ့ ပုံစံ ကို ပြောင်းလဲ လာတဲ့ အပေါ်မှာ တော့ ဆက်ပြီး ကြည့်ရှု သုံးသပ် သွား သင့် ကြောင်း ဘီဘီစီ ကို ပြော ပါတယ်။