အီဂျစ်မှာ မူဘာရက်ကို ဆက်ပြီး ဆန္ဒပြ

  • 5 ဖေဖော်ဝါရီ 2011
egypt ဓာတ်ပုံ မူပိုင် BBC World Service
Image caption မူဘာရက် ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ အရှိန်ရလာ

အီဂျစ် နိုင်ငံ ကိုင်ရို မြို့တော်မှာ သမ္မတ မူဘာရက်ကို ရာထူးက ဆင်းပေးဖို့ တောင်းဆို နေတဲ့ သောင်းနဲ့ ချီတဲ့ လူအုပ် ကြီးဟာ မြို့လယ်ခေါင်က တာဟီရာ ရင်ပြင်မှာ ခုထိ စုဝေးနေတုန်း ဖြစ်ပါတယ်။

ညအမှောင် ကျလာချိန်မှာ ဆန္ဒ ပြသူတွေဟာ အီဂျစ် အလံတွေကို ဝှေ့ရမ်းပြီး နိုင်ငံတော် သီချင်း၊ မျိုးချစ်စိတ် ထက်သန်စေတဲ့ သီချင်းတွေကို မပြတ် သီဆိုနေပါတယ်။

ဒါပေမယ့် အတိုက် အခံဘက်က အရေးတော်ပုံ တပ်သား တယောက်ကတော့ ရင်ပြင်ကနေ ဆန္ဒပြသူ တချို့ မကြာခင် အိမ်ပြန်ကြဖို့ ရှိတယ်လို့ ဘီဘီစီကို ပြောပြခဲ့ပါတယ်။

လူတွေ ကိုယ့်အိမ် ကိုယ်ပြန်ပြီး ပုံမှန် လုပ်နေကြ အလုပ်တွေ ဆက်လုပ်ခွင့် ပြုဖို့ ကောင်းပြီလို့ သူက ဘီဘီစီကို ပြောပြခဲ့ပါတယ်။

ဆန္ဒပြမှုတွေ ဆက်ဖြစ်နေချိန်မှာဘဲ သမ္မတ မူဘာရက် ဆီကနေ အာဏာ လွှဲပြောင်းပေးဖို့ စီစဉ်မှုတွေမှာ တိုးတက်မှု လက္ခဏာတွေ ပေါ်ထွက်လာခဲ့ပါတယ်။

အာဏာ လွှဲပြောင်းမှု ချက်ချင်းစဖို့ သမ္မတ အိုဘားမားက ပြောနေပြီး အီဂျစ်မှာ အာဏာ လွှဲပြောင်းရေး ဆိုင်ရာ ပြောဆို ဆွေးနွေးမှုတွေ စနေပြီလို့ ပြောပါတယ်။

ဒါ့အပြင် ဒီဆွေးနွေး ပြောဆိုမှုတွ လုပ်ဆောင်နေရာမှာ တိုးတက်မှုတွေ သိသိသာသာ ရှိခဲ့တယ်လို့ အမေရိကန် တာဝန်ခံတွေက ပြောပါတယ်။

လာမဲ့ရက်တွေ အတွင်း အတိုက်အခံ ခေါင်းဆောင်တွေဟာ ဒုတိယ သမ္မတ အိုမား ဆူလေမန်နဲ့ တွေ့မယ်လို့ မျှော်လင့်ရပြီး ခုဆွေးနွေးနေတဲ့ အထဲမှာ မွတ်စလင် ညီအကိုတော်များ အဖွဲ့ မပါဘူးလို့ ခန့်မှန်းထားရပေမဲ့ ခုနောက်ဆုံး ဖြစ်ပေါ် တိုးတက်မှုတွေဟာ လမ်းစပေါ်ဖို့ အတွက် အရေးပါတဲ့ ခြေလှမ်းတွေ ဖြစ်တယ်လို့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

အီဂျစ် အစိုးရထဲက ကုန်သွယ်ရေးနဲ့ စက်မှု ဝန်ကြီးဟောင်း ရာရှစ် မိုဟာမက် ရာရှစ်ကို နိုင်ငံခြား ထွက်ခွင့် ပိတ်ထားလိုက်တယ်လို့ အစိုးရ သတင်းဌာနက ပြောပါတယ်။

ဒါပေမယ့် ဘီဘီစီနဲ့ သူနဲ့ တယ်လီဖုန်းကနေ ဆက်သွယ် မေးမြန်းခန်းမှာ သူက နိုင်ငံခြား ရောက်နေပြီလို့ ပြောပါတယ်။

မစ္စတာ ရာရှစ်ရဲ့ ဘဏ်စာရင်းကိုလည်း ငွေအသွင်း အထုတ် မလုပ်နိုင်အောင် ရှေ့နေချုပ် ညွှန်ကြားချက်နဲ့ ပိတ်ထား လိုက်တယ်လို့ အစိုးရ သတင်းဌာနက ကြေငြာ သွားပါတယ်။

ကြာသပတေး နေ့တုန်းကလည်း အရင် ဝန်ကြီးဟောင်း သုံးယောက်နဲ့ လက်ရှိ အာဏာရ ပါတီထဲက ထိပ်တန်း တာဝန်ခံ တယောက်ကို အလားတူ ပိတ်ပင်မှုတွေ ပြုလုပ်ခဲ့ပါတယ်။