အီဂျစ်ဒုသမ္မတနဲ့ အတိုက်အခံတို့ ဆွေးနွေးပြီ

  • 6 ဖေဖော်ဝါရီ 2011

အီဂျစ်နိုင်ငံမှာ သတင်း ၂ ပတ်နီးပါး ကြီးမားတဲ့ အစိုးရဆန့်ကျင်ရေး လူထု ဆန္ဒပြမှုတွေ ဖြစ်ပွားခဲ့ပြီး အခုတော့ ဒုတိယသမ္မတ အိုမာ ဆူလေမန်းဟာ အတိုက်အခံ အဖွဲ့တွေနဲ့ စတင် စကား ပြောနေပြီ ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် Reuters (audio)
Image caption ညီညွတ်ရေး အစိုးရ ဖွဲ့သင့်တယ်လို့ Muslim Brotherhood အဖွဲ့က ပြောပါတယ်

တခြား အတိုက်အခံ အဖွဲ့တချို့ကတော့ သမ္မတ မူဘာရက် ရာထူးက နှုတ်ထွက်မပေးမချင်း မဆွေးနွေးဘူးဆိုပြီး တင်းခံနေကြပါတယ်။ ဆွေးနွေးမှုတွေမှာတော့ Muslim Brotherhood မူဆလင်ညီနောင်များအဖွဲ့နဲ့ ဆန္ဒပြပွဲတွေကို ခေါင်းဆောင်ခဲ့တဲ့ လူငယ်တွေ ပါဝင်ပါတယ်။

မူဆလင် ညီနောင်များ အဖွဲ့က သူတို့အနေနဲ့ သမ္မတ မူဘာရက် ဘယ်အချိန်မှာ ဘယ်လို နှုတ်ထွက်ပေးမလဲ ဆိုတဲ့ အချက်ကိုသာ ဆွေးနွေးမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် သူတို့ ဘက်က ဆွေးနွေးရာမှာ ကြိုတင်စည်းကမ်းချက်တွေလည်း သတ်မှတ်ထားပြီး၊ အာဏာပိုင်တွေအနေနဲ့ နိုင်ငံရေးအရ အပြောင်းအလဲ ချက်ခြင်း လုပ်ဆောင်ဖို့ အဆင်သင့် ဖြစ်စေချင်တယ်လို့ဆိုပါတယ်။

ကြိုတင်စည်းကမ်းချက်တွေကတော့ ဆန္ဒပြ သူတွေအပေါ် ရန်လို တိုက်ခိုက်မှုအားလုံး ချက်ချင်း ရပ်ပေးရမယ်ဆိုတဲ့ စည်းကမ်းချက်၊ နောက်ပြီး လွန်ခဲ့တဲ့ နှစ်သုံးဆယ် အတွင်းမှာ အီဂျစ်ပြည်သူတွေကို အန္တရာယ် ပေးခဲ့သူ မှန်သမျှကို ရုံးတင်စစ်ဆေး အပြစ်ပေးရမယ်ဆိုတဲ့ စည်းကမ်းချက်တွေ ပါဝင်တယ်လို့ ဆိုပါတယ်။

သူတို့အနေနဲ့ သမ္မတ မူဘာရက် ရာထူးက ဆင်းပေးရေးကို ဆက်လက်တောင်းဆိုနေပြီး၊ အသွင်ကူးပြောင်းရေးကာလ ညီညွတ်ရေး အစိုးရဖွဲ့သင့်တယ်လို့ပြောပါတယ်။

အစိုးရ ထိပ်တန်းခေါင်းဆောင်တွေဘက်ကတော့ လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲကျင်းပပေးပြီး နောက်အစိုးရလက်ထဲ အာဏာလွှဲအပ်ပေးမယ့် ကိစ္စတွေကို သမ္မတ မူဘာရက် ကသာ ဆောင်ရွက်နိုင်မယ်လို့ ပြောဆိုနေပါတယ်။

လက်ရှိ အီဂျစ်နိုင်ငံဥပဒေအရ Muslim Brotherhood အဖွဲ့ကို မတရား အသင်းအဖြစ် ကြေညာထားတာဖြစ်ပါတယ်။

အခုလို ဆွေးနွေးမှုတွေ စတင်နိုင်ခဲ့တဲ့ အတွက် တပတ်ကျော်ကြာ ပိတ်ထားတဲ့ ကိုင်ရိုမြို့က ဘဏ်တချို့နဲ့ စီးပွားရေး လုပ်ငန်းတွေ ဒီကနေ့မှာ ပြန်လည် ဖွင့်လှစ် လာနိုင်ပါတယ်။ ဒါပေမယ့်လို့ စတော့ရှယ်ယာ စျေးကွက်ကတော့ ဆက်လက်ပိတ်ထားဆဲပါ။

သမ္မတ မူဘာရက်ကို ဆန့်ကျင် ဆန္ဒပြမှုတွေကြောင့် အီဂျစ်နိုင်ငံရဲ့ စီးပွားရေးကို အကြီး အကျယ် ထိခိုက်မှုတွေ ရှိခဲ့ပြီး၊ အရင်လက ပြည်ပ ထုတ်ကုန် တန်ဖိုး ၆ ရာခိုင်နှုန်း နီးပါး ကျဆင်းသွားတယ်လို့ အီဂျစ်ကုန်သွယ်ရေးဝန်ကြီးက မနေ့က ပြောပါတယ်။

အစ္စရေးတို့ စိုးရိမ်

Image caption နိုင်ငံရေးစနစ်မှာ အပြောင်းအလဲ ဖြစ်မှာကို စိုးရိမ် ပူပန်မိတယ် (ရှီမွန် ပီရက်စ်)

တကယ်လို့ မူဆလင် ညီနောင် များအဖွဲ့ကို အီဂျစ်ပြည်သူတွေက ဒီမိုကရေစီနည်းကျ ရွေးချယ်တင်မြှောက်ခဲ့ရင် ငြိမ်းချမ်းရေး ပျက်ပြားသွား ပါလိမ့်မယ်လို့ အစ္စရေး သမ္မတ ရှီမွန်ပီရက်စ်က ပြောပါတယ်။

ငြိမ်းချမ်းရေးမရှိတဲ့ ဒီမိုကရေစီဆိုတာ ဒီမိုကရေစီ မရှိတဲ့ ငြိမ်းချမ်းရေးနဲ့ ဘာမှ မထူးတဲ့ အတွက် ငြိမ်ချမ်းရေးနဲ့ ဒီမိုကရေစီဟာ နှစ်ခု စလုံး အတူတူ တွဲရှိဖို့လိုကြောင်း၊ ဒါကြောင့် အီဂျစ်အစိုးရအဖွဲ့ ဒါမှမဟုတ် နိုင်ငံရေးစနစ်မှာ အပြောင်းအလဲတွေ ဖြစ်လာမှာကို သူတို့အနေနဲ့ စိုးရိမ်ပူပန်မိကြောင်း မစ္စတာ ပီရက်စ်က ပြောပါတယ်။

တချိန်တည်းမှာပဲ အမေရိကန် အထူးသံ တမန် ဖရန့်က်ဝစ်ဇနာက အသွင်ကူးပြောင်းရေး ကာလမှာ သမ္မတမူဘာရက် ဆက်လက်ရှိနေဖို့ လိုအပ်တယ်ဆိုတဲ့ ပြောဆိုချက် ကလည်း ရှိနေခဲ့ပါတယ်။

ဒီတော့ အီဂျစ် နိုင်ငံရေးဟာ တင်းမာမှုတွေ နည်းနည်း ပြေလျော့လာပေမယ့် အဖြေတခု ထွက်ပေါ်လာဖို့တော့ လမ်းစမမြင်ရသေးဘဲ တအုံနွေးနွေး အခြေအနေမျိုးမှာသာ ရှိနေပါ သေးတယ်။