အီဂျစ်မှာ အပြောင်းအလဲ လုပ်ဖို့ လိုနေပြီလို့ အိုဘားမားပြော

  • 7 ဖေဖော်ဝါရီ 2011
ဓာတ်ပုံ မူပိုင် AP
Image caption အိုဘားမား မိန့်ခွန်းကို ကြည့်နေတဲ့ အီဂျစ်က ဆန္ဒပြ ပြည်သူတွေ

အီဂျစ်နိုင်ငံမှာ အရင် အခြေအနေမျိုး ပြန်မရောက် တော့ဘူးလို့ သူယုံကြည်ကြောင်း အမေရိကန် သမ္မတ အိုဘားမားက ပြောကြားလိုက်ပြီး နိုင်ငံရေး အပြောင်းအလဲ လုပ်ရမယ့် အချိန်တန်နေပြီလို့ ဆိုပါတယ်။

သမ္မတ မူဘာရက် အနေနဲ့ နေ့စဉ် ဆန္ဒပြမှုတွေကို ရင်ဆိုင် ရတဲ့အခါမှာ သူဘာလုပ်သင့်တယ် ဆိုတာကို သိပြီး အခုတော့ ပြည်သူတွေက လွတ်လပ်၊ တရားမျှတတဲ့ ရွေးကောက်ပွဲ လိုချင်တယ် ဆိုတာ ရှင်းနေပါတယ်လို့ မစ္စတာ အိုဘားမားက ရုပ်မြင်သံကြား မေးမြန်းခန်း တခုမှာ ပြောဆို သွားခဲ့ပါတယ်။

အဓိက အတိုက်အခံ ပါတီဖြစ်တဲ့ မွတ်ဆလင် သွေးရင် ညီအကိုများအဖွဲ့က တခုတည်းသော အဖွဲ့အစည်း ဖြစ်ပေမယ့် အများစု ထောက်ခံမှု ရနေတာတော့ မဟုတ်ပါဘူးလို့လည်း မစ္စတာ အိုဘားမားက ဆိုသွားခဲ့ပါတယ်။

Tahrir ရင်ပြင်မှာ ဆန္ဒပြမှုတွေ ရှိနေပေမယ့်လည်း သီတင်းပတ် အတွင်း ပထမဆုံး အနေနဲ့ ကိုင်ရိုမြို့လယ်နဲ့ လမ်းတွေပေါ်မှာ သွားလာလှုပ်ရှားမှုတွေက ပုံမှန်အတိုင်း ပြန်ဖြစ်နေတာ တွေ့ရတယ်လို့ အဲဒီမှာ ရောက်နေတဲ့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

သီတင်းတပတ်အတွင်း ပထမဆုံး အနေနဲ့ ဘဏ်တွေလည်း ပြန်ဖွင့်လို့ ငွေသွင်း ငွေထုတ် လုပ်နိုင်ပြီ ဖြစ်ပေမယ့် စတော့စျေးကွက် ကတော့ အကန့်အသတ်မရှိ ပိတ်ထားဆဲ ဖြစ်တယ်လို့ သိရပါတယ်။

သမ္မတ မူဘာရက် ကို ရာထူးက ဆင်းပေးဖို့ တောင်းဆို ဆန္ဒပြမှုတွေ သီတင်းနှစ်ပတ်ကြာ ဖြစ်ခဲ့မှုဟာ အီဂျစ် စီးပွားရေးကို အကြီးအကျယ် ထိခိုက်စေခဲ့တာ ဖြစ်ပါတယ်။

ကိုင်ရိုမြို့မှာတော့ အစိုးရဆန့်ကျင်ရေး ဆန္ဒပြမှုတွေ ဆက်ဖြစ်နေပြီး အစိုးရနဲ့ ဆွေးနွေးနေတဲ့ အတိုက်အခံ အဖွဲ့တွေ အထဲမှာ မွတ်ဆလင် သွေးရင်း ညီအကိုများ အဖွဲ့လည်း ပါဝင်ပါတယ်။

အဲဒီနောက် အစိုးရဖက်က ထိုက်သင့်တဲ့ လိုက်လျောမှုတွေ တခုမှ မရှိခဲ့ဘူးလို့ မွတ်ဆလင် ညီအကိုများ အဖွဲ့က ပြောပါတယ်။

သမ္မတ မူဘာရက် အခုချက်ခြင်း ရာထူးက ဆင်းလိုက်ရင် တိုင်းပြည်မှာ ကမောက်ကမ ဖြစ်ပြီး ဖွဲ့စည်းပုံဆိုင်ရာ ပြဿနာတွေ တက်လာလိမ့်မယ်လို့ အစိုးရက အခိုင်အမာ ပြောကြားနေဆဲ ဖြစ်ပါတယ်။