လစာနဲ့ ပင်စင် တိုးမယ်လို့ အီဂျစ်အစိုးရ ကြေညာ

  • 8 ဖေဖော်ဝါရီ 2011
Egypt ဓာတ်ပုံ မူပိုင် none
Image caption တာရီယာ ရင်ပြင်မှာ ဆန္ဒပြသူတွေ ထောင်နဲ့ချီ ဆက်ရှိနေဆဲ

အီဂျစ်နိုင်ငံမှာ အစိုးရ ဆန့်ကျင် ဆန္ဒပြမှု တွေ သီတင်း နှစ်ပတ်ကြာ ဖြစ်ပွားခဲ့အပြီး မှာ အစိုးရ ဝန်ထမ်းတွေကို လစာနဲ့ ပင်စင်တွေ ၁၅ ရာခိုင်နှုန်း အထိ တိုးပေးမယ် လို့ အစိုးရက ကြေညာ လိုက်ပါတယ်။

ဘဏ်တွေ အခုအခါ ပြန်ဖွင့်လိုက်ပြီ ဖြစ်ပေမဲ့ စတော့ခ် ရှယ်ယာ စျေးကွက်တွေကိုတော့ လာမဲ့ တနင်္ဂနွေနေ့ အထိ ပြန်ဖွင့်အုံးမှာ မဟုတ်သေး ပါဘူး။

အီဂျစ်နိုင်ငံသုံးငွေ တန်ဘိုးက ၆နှစ်အတွင်း အနိမ့်ဆုံး ထိုးကျသွားပါတယ်။

စာသင်ကျောင်းတွေကို ပိတ်ထားဆဲဖြစ်ပြီး ကာဖြူးအမိန့်ကို ကိုင်ရို၊ အလက်ဇန္ဒရားနဲ့ ဆူးအက် မြို့တွေမှာ ခုချိန်ထိ ပြဌာန်းထားဆဲ ဖြစ်ပါတယ်။

ကိုင်ရိုမြို့လယ်က တာရီယာ ရင်ပြင် မှာတော့ ဆန္ဒပြသူတွေ ထောင်နဲ့ချီ ရှိနေဆဲ ဖြစ်ပြီး သမ္မတ မူဘာရက် ရာထူးကနေ နှုတ်ထွက်မပေးမချင်း သူတို့ ထွက်ခွာမှာ မဟုတ်ဘူးလို့ ပြောနေပါတယ်။

ဇန္နဝါရီလ ၂၈ ရက်က စဖြစ်ပွားခဲ့တဲ့ ဆန္ဒပြမှုတွေ အတွင်း သေဆုံးသူပေါင်း ၂၉၇ ဦး ရှိတယ်လို့ အမေရိကန် အခြေစိုက် Human Rights Watch အဖွဲ့ကြီးက ဘီဘီစီကို ပြောပါတယ်။

ဒီအရေအတွက်ဟာ ကိုင်ရို၊ အလက်ဇန္ဒရားနဲ့ ဆူးအက် မြို့တွေမှာ ရှိတဲ့ ဆေးရုံ ၅ခုကို သွားရောက် ကြည့်ရှု စစ်ဆေးခဲ့ရာကနေ ရလာတဲ့ ကိန်းဂဏန်းတွေကို အခြေခံထားတာ ဖြစ်ကြောင်း၊ တခြားမြို့တွေမှာလည်း နောက်ထပ် သေဆုံးမှုတွေ ရှိတယ်ဆိုတဲ့ သတင်းတွေ ရထားပေမဲ့ အတည်ပြုဖို့ လိုသေးတယ်လို့ HRW အဖွဲ့ရဲ့ အီဂျစ်နိုင်ငံဆိုင်ရာ လေ့လာရေးမှူးက ဘီဘီစီကို ပြောပါတယ်။