ရုရှားလေဆိပ်ဗုံးခွဲမှု သူပုန်အဖွဲ့လက်ချက်ဖြစ်

  • 8 ဖေဖော်ဝါရီ 2011

ရုရှားနိုင်ငံ မောစကိုမြို့ အဓိက လေဆိပ်မှာ လူပေါင်း ၃၃ ဦးသေဆုံးသွားခဲ့တဲ့ အသေခံဗုံးခွဲတိုက်ခိုက်မှုကို ချက်ချင်ခေါင်းဆောင် ဒကူမာရို့ဗ်က သူအမိန့်ပေး လုပ်ဆောင်ခိုင်းလိုက်တာ ဖြစ်တယ်လို့ ပြောကြားလိုက်ပါတယ်။

Image caption ရုရှားရာဇဝတ်သားတွေကို တိုက်ခိုက်ခဲ့တာလို့ ဒကူမာရို့ဗ်က ပြောပါတယ်

ရုရှားနယ်မြေထဲမှာ အခုလို အထူး စစ်ဆင်မှု တွေကို ဘုရားသခင်ရဲ့ ဆန္ဒအတိုင်း ဆက်လက် လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့လည်း သူက ပြောပါတယ်။

သူ့အခုလိုပြောဆိုနေတဲ့ ဗွီဒီယိုကို ချက်ချင် သူပုန်အဖွဲ့နဲ့ ဆက်ဆက်နေတဲ့ အစ္စလာမ် ဝက်ဘ်ဆိုဒ်တခုမှာ တင်ထားတာ ဖြစ်ပါတယ်။

သူ့အဆို ကော့ကေးဆက် ဒေသက ရုရှား ရာဇဝတ်သားတွေကို တုန့်ပြန်တဲ့အနေနဲ့ အထူးစစ်ဆင်ရေး ပြုလုပ်ခဲ့တာလို့ ပြောပါတယ်။

သူ့ရဲ့ နောက်လိုက်တွေထဲမှာ အသေခံဗုံးခွဲသမားတွေ ရာပေါင်းများစွာ ရှိတယ်လို့လည်း သူကဆိုပါတယ်။

သူဟာ ချက်ချက်ညာ၊ အင်ဂူရှက်အီယာနဲ့ ဒါဂက်စ်တန်း ဒေသတို့မှာ အစ္စလာမ် ဥပဒေတွေ ချမှတ်ကျင့်သုံး ချင်နေတာဖြစ်ပါတယ်။

မောစကိုက ဒမက်ဒီဒဗါ လေဆိပ် တိုက်ခိုက်မှုကို ဒကူမာရို့ဗ်က စီစဉ်ဆောင်ရွက် ခဲ့တယ် ဆိုတဲ့ ပြောဆိုချက်အပေါ် ရုရှားလုံခြုံရေးဌာနကတော့ အခုအချိန်ထိ ငြင်းဆိုနေပါတယ်။

ဒကူမာရို့ဗ် သေပြီဆိုပြီး ရုရှားလုံခြုံရေးဌာနက အရင်က ၂ ကြိမ် ကြေညာခဲ့ဘူးပါတယ်။