အီဂျစ် ဆန္ဒပြပွဲတွေ အရှိန်ရလာ

  • 10 ဖေဖော်ဝါရီ 2011
Egypt parliament ဓာတ်ပုံ မူပိုင် BBC World Service
Image caption အီဂျစ် ပါလီမန်ထဲမှာ ဆန္ဒပြသူတွေ ဝတ်ပြု ဆုတောင်း

အီဂျစ် နိုင်ငံက မူဘာရက် ဖြုတ်ချရေး ဆန္ဒ ပြပွဲတွေဟာ ကိုင်ရို မြို့တော် တာရီရာ ရင်ပြင် အပြင်ဘက်ကို ထွက်လာပြီး ခုဆိုရင် ဆန္ဒ ပြသူတွေက လွှတ်တော်ကို ပိတ်ဆို့ ထားလိုက်ကြပါပြီ။

ဆယ့်ခြောက်ရက် ရှိသွားပြီ ဖြစ်ပြီး ဒုတိယ သမ္မတ အိုမား ဆူလေမန်က ဆန္ဒပြပွဲတွေ ချက်ချင်း ရပ်ရမယ်လို့ သတိပေးထားတဲ့ ကြားက လွှတ်တော်ကို ပိတ်ဆို့တဲ့ထိ ဆန္ဒ ပြသူတွေက နောက်တဆင့် တက်ပြလိုက်တာ ဖြစ်ပါတယ်။

အစိုးရ ရုံးဌာန တချို့မှာလည်း ဆန္ဒပြမှုတွေ စဖြစ်နေပြီလို့ သတင်းတွေ ရရှိပြီး ကိုင်ရို မြို့ပြင်ဘက်က ဆန္ဒပြမှု တချို့ဟာ အကြမ်းဖက်မှု အသွင် ဆောင်လာတယ်လို့ သတင်းတွေ ရရှိပါတယ်။

အီဂျစ် ပြည်သူ့ လွှတ်တော်ဟာ တရားမဝင်ဘူးလို့ ဆန္ဒပြသူတွေက သဘောထားပြီး မနှစ်က နှစ်ကုန်က လုပ်ခဲ့တဲ့ မူဘာရက်ရဲ့ လက်ရှိ အာဏာရ ပါတီက အပြတ်အသတ် အနိုင်ရခဲ့တဲ့ ရွေးကောက်ပွဲတွေဟာ အလိမ်အညာကြီးလို့ ယူဆနေကြောင်း ဘီဘီစီ သတင်းထောက် ဂျင်မြူရာက ပြောပါတယ်။

ဒုတိယ သမ္မတ ဆူလေမန်က ဆန္ဒပြမှုတွေ မရပ်ရင် စစ်အုပ်ချုပ်ရေး ကြေညာတဲ့ထိ ဖြစ်လာနိုင်တယ်ဆိုပြီး သွယ်ဝိုက် သတိပေးခဲ့ပါတယ်။

စစ်တပ် အနေအထား

ခုလွှတ်တော်ကို ဝင်စီးတဲ့ အဖြစ်အပျက်မှာ လွှတ်တော် အနီးတဝိုက်မှာ စောင့်ကြပ်နေတဲ့ စစ်သားတွေက ဘာမှ မလုပ်ဘဲ ဆန္ဒပြသူတွေကို လွှတ်တော်ထဲ ပေးဝင်ခဲ့ပါတယ်။

ဒါကိုကြည့်ပြီး ဆန္ဒပြသူတွေက စစ်တပ်က သူတို့ကို ဆန့်ကျင်မှာ မဟုတ်ဖူးလို့ ယူဆ နေပါတယ်။

တဘက်မှာ ခုဆိုရင် ကိုင်ရို မြို့ပြင်မှာပါ ရုန်းရင်းဆန်ခတ် ဖြစ်တဲ့ သတင်းတွေ ထွက်လာ နေပြီး အာဏာပိုင်တွေ အနေနဲ့ တခုခု ပြတ်ပြတ်သားသား လုပ်ရတော့မဲ့ အနေအထားကို ရောက်လာနေပါတယ်။

ခုချိန်ထိတော့ စစ်တပ်က ဘယ်ဘက်ကမှ မရပ်ဘဲ ကြားနေနေပါသေးတယ်။

ဒါပေမယ့် စစ်တပ်လည်း မကြာခင်မှာ မူဘာရက်ဘက်မှာ ဒါမှမဟုတ် ဆန္ဒပြသူတွေဘက်မှာ တဘက်ဘက်မှာ ပြတ်ပြတ်သားသား ရပ်ပြရတော့မဲ့ အနေအထားကို တွန်းပို့ ခံနေရတယ်လို့ ဘီဘီစီ သတင်းထောက်က ကိုင်ရိုကနေ သတင်းပေးပို့ထားပါတယ်။

အမေရိကန် တောင်းဆိုမှု

ဓာတ်ပုံ မူပိုင် Getty Images
Image caption သတင်းထောက်တွေကို မနှောက်ယှက်ဖို့ အိမ်ဖြူတော် တောင်းဆို

အမေရိကန် အစိုးရက အီဂျစ် အစိုးရကို ဝေဖန်မှု ပိုလုပ်လာပြီး အီဂျစ် ပြည်သူတွေ မြင်ချင်တဲ့ မလုပ်မဖြစ် လုပ်ရမဲ့ လုပ်ဆောင်မှုတွေကို အစိုးရက ခုထိ မလုပ်သေးဘူးလို့ ပြောလိုက်ပါတယ်။

ဒါ့အပြင် စိတ်ဝင်စားဖို့ ကောင်းတာက အီဂျစ် နိုင်ငံမှာ ဟိုးလွန်ခဲ့တဲ့ နှစ်သုံးဆယ် လောက်က ကြေငြာထားတဲ့ အရေးပေါ် အခြေအနေကို ရုပ်သိမ်းပေးဖို့ အမေရိကန် အစိုးရက တောင်းဆို လာတာ ဖြစ်ပါတယ်။

နောက်ပြီး သတင်းထောက် တွေနဲ့ နိုင်ငံရေး တက်ကြွ လှုပ်ရှားသူတွေကို အနှောက်အယှက် ပေးနေတာတွေကို ရပ်ဆိုင်းဖို့လည်း အမေရိကန် အစိုးရက တောင်းဆို ခဲ့ပါတယ်။

တခါ အမေရိကန် အစိုးရက အီဂျစ်ကို ပေးနေတဲ့ အကူအညီ အထောက် အပံ့တွေကို ပြန်လှန် သုံးသပ်နေပြီး ဒီအကူအညီတွေကို ဆက်ပေး မပေး ဆိုတာ အစိုးရရဲ့ တုန့်ပြန် လုပ်ဆောင်ပုံပေါ် မူတည်တယ်လို့ Robert Gibbs က ပြောပါတယ်။