ဝန်ကြီးလောင်း တွေထဲမှာ အရပ်သား က ၄ ဦးသာ

  • 9 ဖေဖော်ဝါရီ 2011
thein sein ဓာတ်ပုံ မူပိုင် Reuters
Image caption ဗိုလ်ချုပ်ကြီး ဟောင်း သမ္မတ က တင်တဲ့ ဝန်ကြီး စာရင်း မှာ အများစု က စစ်အရာရှိ ဟောင်းတွေ

ဗုဒ္ဓဟူး နေ့ က ကျင်းပတဲ့ ပြည်ထောင်စု လွှတ်တော် အစည်းအဝေး မှာ ဝန်ကြီးဌာန ၃၄ ခုနဲ့အတူ အဲဒီဌာန တွေကို ကိုင်တွယ် မယ့် ဝန်ကြီး အရေ အတွက် က ၃၀ လို့ အတည်ပြု လိုက်ပြီး၊ ဝန်ကြီး လောင်း ၃၀ ရဲ့အမည် စာရင်းကို ရွေးကောက်ခံ သမ္မတ ဦးသိန်းစိန် က တင်သွင်းခဲ့ပါတယ်။

အဲဒီ ဝန်ကြီးတွေ ထဲမှာ အရပ်သား ၄ ဦးသာ ပါဝင်ပြီး ကျန်တဲ့ ပုဂ္ဂိုလ်တွေ ကတော့ လက်ရှိ စစ်တပ် ဖက် ရာထူး တွေ ကိုယူထားတဲ့ စစ် ဗိုလ်ချုပ်တွေ၊ ရွေးကောက်ပွဲ မတိုင်ခင် ကမှ အရပ်ဖက်ကို ပြောင်းလိုက် ကြတဲ့ ဗိုလ်ချုပ် ဟောင်းတွေ နဲ့ စစ်ဖက် ကနေ အရပ်ဖက် တာဝန်တွေ ကို ပြောင်းယူ ထားကြတဲ့ စစ်တပ် အရာရှိကြီးတွေ ပါဝင် ပါတယ်။

အစိုးရသစ် ရဲ့ ဝန်ကြီး အဖွဲ့ဝင်တွေ အဖြစ် အဆိုပြုထားသူ ၃၀ ထဲမှာ လက်ရှိဝန်ကြီး နဲ့ ဒု ဝန်ကြီး တာဝန်တွေကို ယူထားကြသူ တွေ တဝက်လောက် ပြန်ပါ နေတာကို လည်း တွေ့ရ ပါတယ်။

ပြန်ပါလာကြတဲ့ ဝန်ကြီး တွေထဲမှာ ပြန်ကြားရေး ဝန်ကြီး ဦးကျော်ဆန်း၊ စီးပွားနဲ့ ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီး ဦးတင်နိုင်သိန်း၊ အလုပ်သမား ဝန်ကြီး ဦးအောင်ကြည် စတဲ့ သူတွေ လည်း ပါဝင် ပါတယ်။

ဒုတိယ ဗိုလ်ချုပ်ကြီး ကိုကို လည်း ဝန်ကြီးလောင်း စာရင်း မှာ ပါလာပြီး ကာကွယ်ရေး ဝန်ကြီး ဖြစ်လာလိမ့် မယ် လို့ အကဲခတ် တွေ က ခန့်မှန်း နေပါတယ်။

ဒါပေမယ့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ က အထူး အရေးပေး ထားခံ ရတယ် လို့ ယူဆရတဲ့ စက်မှု ၁ ဝန်ကြီး ဦးအောင်သောင်း တို့၊ လက်ရှိ နိုင်ငံခြားရေး ဝန်ကြီး ဦးဉာဏ်ဝင်း တို့ကို တော့ ဝန်ကြီး လောင်း တွေရဲ့ အမည်စာရင်း ထဲမှာ မတွေ့ရ ပါဘူး။

ဝန်ကြီး ဦးဌေးဦး လည်း အခု စာရင်း မှာ ပြန်ပါ မလာ ပါဘူး။

အခု အဆိုပြု ဝန်ကြီး စာရင်း မှာ ပါတဲ့ အရပ်သား ဝန်ကြီး လောင်း ၄ ဦး ကတော့ ကုန်သည် နဲ့ စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်း ဥက္ကဌ ဦးဝင်းမြင့်၊ နေပြည်တော် လွှတ်တော် အဆောက် အဦ တွေ ဆောက်လုပ်ရေး ကန်ထရိုက်ရခဲ့တဲ့ လုပ်ငန်းရှင် ဦးတင့်ဆန်း၊ ဆေး တက္ကသိုလ် ပါမောက္ခချုပ် တွေ ဖြစ်ကြတဲ့ ဒေါက်တာ ဖေသက်ခင် နဲ့ ဒေါက်တာ မြအေး တို့ ဖြစ်ပါတယ်။

အခု သမ္မတ က တင်သွင်း လာတဲ့ ဝန်ကြီး စာရင်း ကို သောကြာနေ့ ကျရင် ပြည်ထောင်စု လွှတ်တော် က အတည်ပြု မပြု ဆုံးဖြတ် ကြမှာ ဖြစ်ပါတယ်။