အိန္ဒိယ-ပါ​ကစ္စ​တန် ငြိမ်း​ချမ်း​ရေး​ပြန်​စ​

  • 10 ဖေဖော်ဝါရီ 2011

၂၀၀၈ ခုနှစ် မွန်ဘိုင်း အကြမ်းဖက် တိုက်ခိုက်မှုကြီး ပြီးကတည်းက နှစ်နိုင်ငံကြား ဆက်ဆံရေး တင်းမာခဲ့ပြီး အိန္ဒိယဘက်က ရပ်ဆိုင်းခဲ့တဲ့ အိန္ဒိယနဲ့ ပါကစ္စတန် ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ ပြန်လည် စတင်တော့မှာ ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် AFP
Image caption ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီး အိန္ဒိယနိုင်ငံ၊ ဒေလီမြို့အထိ သွားလည်မယ်လို့ဆို

နှစ်ဘက်အစိုးရတွေရဲ့ ကြေညာချက်အရဆိုရင် ပါကစ္စတန် နိုင်ငံခြားရေးဝန်ကြီးဟာ လာမယ့် ဇူလိုင်လမှာ အိန္ဒိယနိုင်ငံ၊ ဒေလီမြို့ကို သွားရောက် လည်ပတ်မယ်လို့ သိရပါတယ်။

ဝန်ကြီးနှစ်ဦး အစည်းအဝေး မတိုင်ခင်မှာတော့ နှစ်နိုင်ငံ အကြီးတန်း အရာရှိတွေက အကြမ်းဖက်မှု တိုက်ဖျက်ရေး၊ မပြီးပြတ်သေးတဲ့ ကက်ချ်မီးယား အရေး၊ သူပိုင်ကိုယ်ပိုင် အငြင်းပွားနေတဲ့ ဟိမဝန္တာတောင်တန်းဒေသက နယ်မြေပိုင်ဆိုင်မှုဆိုင်ရာ ကိစ္စတွေကို အကျေအလည် ဆွေးနွေးကြမှာ ဖြစ်ပါတယ်။

အာဖဂန်နစ္စတန်က တာလီဘန်တွေရဲ့အရေးမှာလည်း နှစ်ဘက်ကြား သဘာမညီမှုတွေ ရှိခဲ့ပါသေးတယ်။

နှစ်ဘက်ကြား မပြေလည်တဲ့ အကြောင်းအရာစုံကို ပေါင်းစုံဆွေးနွေးပွဲလို့ ခေါ်ကြမယ့် ဒီဆွေးနွေးပွဲတွေဟာ တောင်အာရှက နျူကလီးယား လက်နက်ပိုင်ဆိုင်ကြတဲ့ နိုင်ငံကြီး နှစ်နိုင်ငံကြား တရားဝင် ညှိနှိုင်း ဆွေးနွေးပွဲလည်း ဖြစ်လာမှာ ဖြစ်ပါတယ်။

ပါကစ္စတန် နိုင်ငံအခြေစိုက် စစ်သွေးကြွတွေက တိုက်ခိုက်တာလို့ ပြစ်တင်ခဲ့ကြတဲ့ လူပေါင်း ၁၆၀ ကျော် သေဆုံးခဲ့တဲ့ ၂၀၀၈ ခုနှစ် မွန်ဘိုင်းတိုက်ခိုက်မှုတွေ အပြီးမှာ နှစ်ဘက်ကြား ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေကို အိန္ဒိယနိုင်ငံဘက်က ရပ်ဆိုင်းခဲ့တာ ဖြစ်ပါတယ်။

အခုတော့ ပြီးခဲ့တဲ့ရက်ပိုင်းကတော့ ဘူတန်နိုင်ငံမှာ ကျင်းပခဲ့တဲ့ ဒေသတွင်းအစည်းအဝေးပွဲ တခုမှာ နှစ်နိုင်ငံက ထိပ်တန်းသံတမန်တွေ တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက်မှာ အခုလို အရေးစုံ ဆွေးနွေးပွဲတွေ ပြန်လည်စတင်ဖို့ နှစ်နိုင်ငံကြား သဘောတူခဲ့ကြတာ ဖြစ်ပါတယ်။