အရေးကြီး ဝန်ကြီးဌာနတွေ ဘယ်သူကိုင်မလဲ

  • 10 ဖေဖော်ဝါရီ 2011
လွှတ်တော်မှာ မဲခွဲဆုံးဖြတ်နေစဉ် ဓာတ်ပုံ မူပိုင် mrtv
Image caption လွှတ်တော်မှာ မဲခွဲဆုံးဖြတ်နေစဉ်

လက်ရှိကျင်းပနေတဲ့ ပြည်ထောင်စုလွှတ် တော်ဝန်ကြီးအဖွဲ့ စာရင်းထဲမှာ တပ်မတော် ကာကွယ်ဦးစီးချုပ်က အမည် စါရင်း တင်သွင်းတဲ့ အရာရှိကြီးတွေဖြစ်တဲ့ ဒုတိယဗိုလ်ချုပ်ကြီးကိုကို ဒုတိယဗိုလ်ချုပ်ကြီးလှမင်းနဲ့ ဒုတိယဗိုလ်ချုပ်ကြီးသိန်းဌေးတို့ ထိပ်ပိုင်းကပါဝင်ပါတယ်။

အဲတော့ ဘယ်သူတွေကို ဘာဝန်ကြီးတာဝန် ပေးနိုင်သလဲ ဆိုတာနဲ့ပတ်သက်လို့ ဗိုလ်မှူးဟောင်း အောင်လင်းထွဋ်ကတော့ ဗိုလ်ချုပ်ကြီးသူရမြင့်အောင်က ကာကွယ်ရေးဝန်ကြီး တာဝန်ကိုငြင်းခဲ့လို့ အဲဒီနေရာမှာ ဒုဗိုလ်ချုပ်ကြီးကိုကို ရမယ်လို့ခန့်မှန်းပါတယ်။ သူဟာ ဗိုလ်ချုပ်မှူးကြီးမိသားစုနဲ့လည်း ပုဂ္ဂိုလ်ရေးအရ အလွန်ရင်းနှီးတယ် လို့သိရပါတယ်။

နောက်တခါ ဒုဗိုလ်ချုပ်ကြီးလှမင်းကတော့ ပြည်ထဲရေးဝန်ကြီး တာဝန်ယူနိုင်တယ်လို့ ဦးအောင်လင်းထွဋ်ကပြောပြီး သူကတော့ လေယဉ်ပျက်ကျပြီး ကွယ်လွန်သွားတဲ့ ဗိုလ်ချုပ်ကြီးတင်ဦးလူဖြစ်ပါတယ်။

ဒုဗိုလ်ချုပ်ကြီး သိန်းဌေးကတော့ လက်ရှိ ကက ထုတ်အကြီအကဲဖြစ်ပြီး အနုမြူကိစ္စမျိုးမှာ ဗိုလ်ချုပ်မှူးကြီးကိုယ်တိုင် တာဝန်ပေးထားသူလည်းဖြစ်ပါတယ်။

လက်ရှိ အရေးကြီးတဲ့ဝန်ကြီးရာထူးတွေကို ကာကွယ်ရေးဦးစီးချုပ်က အမည်စာရင်း တင်သွင်းရတာဖြစ်လို့ ဗိုလ်ချုပ်မှူးကြီးရဲ့ ယုံကြည်စိတ်ချသူတွေကိုသာ အဓိက တာဝန်ပေးခံရတာဖြစ်ပါတယ်။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေကိုယ်တိုင်တော့ ဒီလွှတ်တော်အပြီးလောက်မှ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် တာဝန်ကို ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်နဲ့ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်ကို ဗိုလ်ချုပ်ကြီးစိုးဝင်းတို့ကို လွှဲပေးမဲ့ပုံပေါ်တယ်လို့လည်း ဦးအောင်လင်းထွဋ်က သုံးသပ်ပါတယ်။

ဒါပေမဲ့ ဗိုလ်ချုပ်မှူးကြီးအနေနဲ့ အာဏာကိုလုံးဝစွန့်လွှတ်ဦးမယ်လို့သူမထင်ကြောင်း ကွပ်ကဲရေးမှူးသဘောမျိုးနောက်က ကြိုးကိုင်နေပြီး အရေးကြီးတဲ့ကိစ္စတွေကို သမ္မတအပါအဝင်ခေါင်းဆောင်ပိုင်းက သူ့ကိုဆက်တင်ပြနေရမယ်၊အရေးကြီးတဲ့ ပေါ်လစီမျိုးကို သမ္မတကိုယ်တိုင်တောင် ဆုံးဖြတ်နိုင်တဲ့အနေအထားမျိုးမရှိဘူးလို့ ဦးအောင်လင်းထွဋ်က ဘီဘီစီကိုပြောသွားပါတယ်။