သမ္မတ မူဘာရက် နှုတ်ထွက်ပြီ

  • 10 ဖေဖော်ဝါရီ 2011
Mubarak ဓာတ်ပုံ မူပိုင် AP
Image caption နှစ်ပေါင်း ၃၀ ကြာ အုပ်ချုပ်မှု အဆုံးသတ်ပြီ

အီဂျစ်နိုင်ငံကို နှစ်ပေါင်း ၃၀ ကြာအောင် အုပ်ချုပ်ခဲ့တဲ့ သမ္မတ ဟောစနီ မူဘာရက် နှုတ်ထွက် ပေးလိုက်ပါပြီ။

နိုင်ငံပိုင် ရုပ်မြင်သံကြားကနေ ဒုတိယသမ္မတ အိုမာ ဆူလေမန်က မစ္စတာ မူဘာရက် နှုတ်ထွက်သွားတဲ့ အကြောင်း (1600 GMT) က ကြေငြာလိုက်ပါတယ်။

မစ္စတာ မူဘာရက်ကတော့ အီဂျစ်ရဲ့ ပင်လယ်ကွေ့က အပန်းဖြေစခန်း ရှမ် အယ်လ်ရှိတ်ကို နေ့လယ်ကပဲ ထွက်ခွါသွားပါတယ်။

အခုလောလောဆယ်မှာ နိုင်ငံတော် အာဏာကို စစ်ဦးစီး ကောင်စီ အဖွဲ့က ထိန်းသိမ်းထားလိုက်ပြီး လိုအပ်တဲ့ အခြေခံဥပဒေတွေ ကို ပြင်ဆင်ပြီး လွတ်လပ် မျှတတဲ့ ရွေးကောက်ပွဲတွေ ကျင်းပပေးသွား မယ်လို့ ဆိုပါတယ်။

ဓာတ်ပုံ မူပိုင် Getty
Image caption သန်းချီတဲ့ လူထုကြီးက မူဘာရက် ထွက်ပေးဖို့ တောင်းဆိုခဲ့

သမ္မတ နှုတ်ထွက်ပေးဖို့ ဇန်နဝါရီလကုန် ပိုင်းကစလို့ လူထုဆန္ဒပြပွဲကြီးတွေ လုပ်ပြီး တောင်းဆိုနေကြတာပါ။

မစ္စတာမူဘာရက်ကတော့ ကြာသပတေးနေ့ အထိ သူ နှုတ်ထွက်ပေးမှာ မဟုတ်ဘူးလို့ ပြောနေခဲ့ပါတယ်။

ကိုင်ရိုမြို့လယ်မှာတော့ ဝမ်းမြောက်နေတဲ့ လူထုကြီးက အောင်ပွဲခံ ကြွေးကြော်နေကြပါတယ်။