သမ္မတ ရာထူးက နှုတ်ထွက် မပေးဘူးလို့ မူဘာရက် ပြောကြား

  • 11 ဖေဖော်ဝါရီ 2011
ဓာတ်ပုံ မူပိုင် Other
Image caption အီဂျစ် သမ္မတ Hosni Mubarak

အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြမှုတွေ နှစ်ပတ် ကြာ ဖြစ်ပွားနေတဲ့ အီဂျစ် နိုင်ငံမှာ သမ္မတ မူဘာရက်က သူ့အနေ နဲ့ ရာထူးကနှုတ်ထွက် ပေးမှာ မဟုတ်ဘူး ၊ သူ့နိုင်ငံ တွင်း ကနေ ဘယ်ကိုမှ ထွက်သွားမှာ မဟုတ်ဘူး လို့ တိုင်းပြည် ကို ရုပ်မြင်သံကြား က တဆင့် မိန့်ခွန်း ပြောကြား ရာမှာ ပြောဆို သွားခဲ့ ပါတယ်။

ဖွဲ့စည်းပုံ အရ တာဝန်တွေကို ဆက်လက် ထမ်းဆောင် သွားမှာဖြစ်ပြီး လာမယ့် စက်တင်ဘာလမှာ ကျင်းပမယ့် လွတ်လပ်ပြီး တရား မျှတတဲ့ ရွေးကောက်ပွဲ အရ လူထုက တင်မြှောက်တဲ့ သမ္မတသစ် ပေါ်လာတဲ့ အထိ တာဝန်ယူ သွားမှာ ဖြစ်တယ်လို့ သူက ပြောပါတယ်။

လတ်တလောမှာ သူ့ရဲ့ လုပ်ပိုင်ခွင့် အာဏာ တချို့ကို ဒုတိယ သမ္မတ အိုမာ ဆူလီမန် ကို လွှဲပြောင်း ပေးမယ် လို့ လည်း မစ္စတာ မူဘာရက် က ဆိုပါတယ်။

အတိုက်အခံ တွေနဲ့လည်း ဆွေးနွေးညှိနှိုင်းမှု တွေ လုပ်သွားမယ့် အကြောင်း လည်း မူဘာရက် က မိန့်ခွန်းထဲမှာ ပြောကြား သွား ပါတယ်။

အခု မိန့်ခွန်း မတိုင်မီ နာရီပိုင်း က သမ္မတ မူဘာရက် ရာထူး ကနေ ဆင်းတော့ မယ်ဆိုတဲ့ သတင်း တွေ ကျယ်ကျယ် ပြန့်ပြန့် ထွက်ပေါ် ခဲ့ ပါတယ်။

Image caption တဟီရာ ရင်ပြင် က လူစုလူဝေးကြီး ကတော့ စိတ်ပျက် ဒေါသထွက် နေ

သမ္မတ မူဘာရက်ရဲ့ မိန့်ခွန်းကို ကြားပြီးတဲ့ နောက်မှာတော့ ကိုင်ရိုမြို့ တာရီရာ ရင်ပြင်မှာ စုဝေး နေကြပြီး အရေအတွက်အားဖြင့် သိန်းနဲ့ချီ ရှိနေတဲ့ အီဂျစ် ပြည်သူ တွေက ဒေါသ တကြီး အော်ဟစ် ခဲ့ကြ ပါတယ်။

ဆန္ဒပြသူ တွေက သမ္မတ မူဘာရက်ကို မထေ မဲ့မြင် ပြုတဲ့ အနေနဲ့ ရှူးဖိနပ်တွေ ဝှေ့ယမ်း ပြီး မူဘာရက် ရာထူး ဆင်းပေးလို့ လည်း ကြွေးကြော် ခဲ့ကြ သလို ဒေါသ ထွက် နေကြတဲ့ ဆန္ဒပြသူ တချို့ ဟာ သမ္မတနန်းတော် ဖက်ကို ချီတက် သွားနေ ကြတယ် လို့ လည်း သိရ ပါတယ်။

ဆန္ဒပြသူ တွေကို တောင်းဆိုချက် ဖြစ်လာလိမ့်မယ် လို့ ထိပ်တန်း စစ်တပ် ခေါင်းဆောင် တယောက်ကလည်း အစောပိုင်းတုန်းက ပြောဆို ခဲ့တာ ဖြစ်ပြီး မူဘာရက် မိန့်ခွန်း မပြောခင် က ဆိုရင် သူတို့ မျှော်လင့်တဲ့ အတိုင်း ဖြစ်လာမယ် အထင် နဲ့ လူအုပ်ကြီးဟာ ပျော်ရွှင် မြူးတူး နေခဲ့ကြတာ ဖြစ်ပါတယ်။

အီဂျစ်မှာ အခြေအနေတွေ ပုံမှန်အတိုင်း ပြန်ဖြစ်ကာ တည်ငြိမ် လုံခြုံမှု ရှိစေဖို့ သမ္မတ မူဘာရက်က သူကို တာဝန်ပေး ထားတယ် လို့ ဒုတိယ သမ္မတ အိုမာ ဆူလမန် က ပြော ပါတယ်။

ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ အာဏာ ငြိမ်းချမ်းစွာ လွဲအပ်နိုင်ရေးအတွက် သူလုပ်နိုင်သမျှကို အတတ်နိုင်ဆုံး လုပ်ဆောင်သွားဖို့ ဆုံးဖြတ် ထားတယ်လို့ မစ္စတာ ဆူလမန် က ဆိုပြီး သူ့ အခေါ် အရ လူထု တော်လှန်ရေး ကို အကာအကွယ် ပေးသွားမယ် လို့လည်း ပြောကြား သွားခဲ့ ပါတယ်။

သမ္မတ မူဘာရက်ရဲ့ မိန့်ခွန်း အပေါ် တခြား နိုင်ငံတွေက ခေါင်းဆောင်တွေက တုန့်ပြန် ပြောကြား ခဲ့ကြ ပါတယ်။

အမေရိကန် သမ္မတ အိုဘားမား က သမ္မတ မူဘာရက် ရဲ့ မိန့်ခွန်းဟာ အီဂျစ် နိုင်ငံ အသွင် ကူးပြောင်းရေး ကိစ္စတွေ အပေါ် ရှင်းရှင်းလင်းလင်း မရှိဖူး လို့ ပြောပါတယ်။

အမေရိကန် အနေနဲ့ အီဂျစ်နိုင်ငံမှာ တည်ငြိမ်မှု ရစေချင်ပြီး မူဘာရက်ကြောင့် ဖြစ်ပေါ်လာတဲ့ မသေချာ မရေရာ ရှုတ်ထွေးမှုတွေ ဖြစ်စေချင်ပုံ မရဘူးလို့ ဘီဘီစီ သတင်းထောက် တယောက် က ပြောပါတယ်။

အီဂျစ်နိုင်ငံ အနာဂတ်ကို အီဂျစ် ပြည်သူတွေ ကသာ ဆုံးဖြတ်ရမှာ ဖြစ်ပါတယ် လို့ အစ္စရေး ကာကွယ်ရေး ဝန်ကြီးက ဆိုပြီး ပြင်သစ် သမ္မတ နီကိုလပ်ဆာကိုဇီး ကတော့ အီဂျစ်မှာ အာဏာရှင် ပုံစံ နောက်တမျိုး ဖြစ်မှာကို ရှောင်ရှား ရမယ်လို့ ပြောပါတယ်။