အိုမာ ဆူလေမန်

  • 10 ဖေဖော်ဝါရီ 2011
Omar Suleiman ဓာတ်ပုံ မူပိုင် BBC World Service
Image caption အရေးပါတဲ့ ခေါင်းဆောင် ဖြစ်လာနိုင်တဲ့ အိုမာ ဆူလေမန်

အီဂျစ်ရဲ့ ထောက်လှမ်းရေး အဖွဲ့ အကြီး အကဲ ဖြစ်ခဲ့တဲ့ ဗိုလ်ချုပ်ကြီး ဟောင်း အိုမာ ဆူလေမန် ဟာ ပြီးခဲ့တဲ့ လက စတင် ခဲ့တဲ့ လူထု ဆန္ဒပြပွဲ ကြီးတွေ အရှိန်မြင့် ပြီး မူဘာရက်ကို နှုတ်ထွက်ပေးဖို့ တောင်းဆို လာချိန် ကျမှ ဇန်နဝါရီလ ၂၉ ရက်နေ့မှာ သူ့ကို မူဘာရက် က ခန့် လို့ ဒုတိယ သမ္မတ ဖြစ်လာ သူပါ။

မစ္စတာ ဆူလေမန်ဟာ အသက် ၇၆ နှစ် ရှိပါပြီ။

သူဟာ ၁၉၆၇ နဲ့ ၁၉၇၂ အီဂျစ်-အစ္စရေး စစ်ပွဲတွေမှာလည်း ပါဝင်ခဲ့တဲ့ စစ် သူရဲကောင်း တစ်ယောက် အဖြစ် နဲ့ နာမည်ကောင်း ရှိခဲ့သူ ပါ။

ဒါကြောင့် သူ့ကို အီဂျစ်ရဲ့ သြဇာကြီး တဲ့ စစ်တပ် အသိုင်းအဝိုင်းက လက်ခံ နိုင်ပါတယ်။

ထောက်လှမ်းရေး အဖွဲ့ အကြီးအကဲ အနေနဲ့ သမ္မတရဲ့ ညာလက်ရုံး ယုံကြည်ခံ ရသူ လည်း ဖြစ်ခဲ့ ပါတယ်။

၁၉၉၅ ခုနှစ်က အီသီယိုးပီးယား နိုင်ငံမှာ ရောက်နေတုန်း သမ္မတ မူဘာရက်ကို လုပ်ကြံဖို့ ကြိုးစားမှု တခုမှာ ထောက်လှမ်းရေးမှူး အိုမာ ဆူလေမန် က လျင်လျင်မြန်မြန် ကာကွယ် ပေးခဲ့တဲ့ အတွက်လည်း သမ္မတ က သူ့ကို ယုံကြည် အားကိုးခဲ့ ပါတယ်။

သူဟာ အစ္စရေး နဲ့ ပါလက်စတိုင်းတွေ ကြားမှာ၊ ပါလက်စတိုင်း အဖွဲ့ကွဲတွေကြားမှာ စေ့စပ် ညှိနှိုင်းပေးသူ အဖြစ်လည်း တောက်လျှောက် လုပ်ပေး နေခဲ့သူပါ။

အီဂျစ်ရဲ့ မဟာမိတ်ဖြစ်တဲ့ အမေရိကန် အစိုးရပိုင်းကလည်း မစ္စတာ ဆူလေမန် မူဘာရက်ကို ဆက်ခံမယ်ဆိုရင် ကြိုဆိုနိုင်ကြောင်း အရိပ်အမြွက် ပြောထားခဲ့ပါတယ်။

အပြင်ကို ပေါက်ကြားလာတဲ့ အမေရိကန် အစိုးရရဲ့ သံတမန်ရေး ကြေးနန်းစာ တွေမှာလည်း မစ္စတာ ဆူလေမန် ကို အနာဂါတ် အီဂျစ် ခေါင်းဆောင် အဖြစ် နဲ့ မြင်ထား ကြောင်း ဖော်ပြထား တာတွေ ရှိခဲ့ ပါတယ်။

အခု လတ်တလော လူထု ဆန္ဒပြပွဲတွေ ဖြစ်ခဲ့ ပြီးတဲ့ နောက်မှာလည်း သူပဲ တာဝန်ယူပြီး အတိုက်အခံအဖွဲ့ တွေ နဲ့ စေ့စပ် ဆွေးနွေး တာတွေ လုပ်ခဲ့ပါတယ်။

သူဟာ သမ္မတ မူဘာရက်ရဲ့ အာဏာရ အမျိုးသား ဒီမိုကရက်တစ်ပါတီ (NDP) ပါတီဝင် မဟုတ်တဲ့ အတွက်လည်း ဆန္ဒပြနေသူတွေက သူ့ကို လက်ခံနိုင်ခဲ့ပါတယ်။

အခု အပြောင်းအလဲမှာ သူဟာ သမ္မတ ဖြစ်မလာရင် တောင်မှ ကြားကာလမှာ အများက လက်ခံနိုင်တဲ့၊ အရေးပါတဲ့ စေ့စပ် ညှိနှိုင်းပေးသူ တစ်ဦး ဖြစ်လာနိုင်တယ်လို့ သုံးသပ် နေကြ ပါတယ်။