မူဘာရက် ဆင်းရေး စစ်တပ်ရဲ့ အခန်းကဏ္ဍ

  • 12 ဖေဖော်ဝါရီ 2011
egypt ဓာတ်ပုံ မူပိုင် BBC World Service
Image caption ဆန္ဒပြလူထု ကို မပစ်ခတ် ခဲ့တဲ့ အီဂျစ် စစ်တပ်

အီဂျစ် က ပြည်သူအများ အခုအချိန် မှာ ပျော်ရွှင် မြူးတူး နေကြ ပေမယ့် ကြာသပတေး ည ကတော့ မူဘာရက် က သူ နှုတ်ထွက် မပေးဘူး ဆိုတဲ့ မိန့်ခွန်း ကြောင့် သူတို့ စိတ်ပျက် ဒေါသ ထွက်ခဲ့ ကြရ တာပါ။

အခုလို မူဘာရက် နောက်ဆုံးမှာ သမ္မတ အဖြစ်က ဆင်းစေရတဲ့ အဖြစ်က အီဂျစ် ထိပ်ပိုင်း ခေါင်းဆောင် တွေကြား အထူး သဖြင့် စစ်တပ် ခေါင်းဆောင် တွေ အကြား သဘော ထား တွေ ကွဲလွဲ ကြလာမှု ရဲ့ ရလာဒ် ဖြစ်ပုံရပါတယ်။

အဲဒီည မူဘာရက် သူ မနှုတ်ထွက်ဘူးလို့ ကြေညာ တဲ့ အဖြစ် က ကျန်တဲ့ ခေါင်းဆောင် အားလုံး အငိုက် မိသွား ခဲ့ပါတယ်။

အထူး သဖြင့် စစ်တပ် ခေါင်းဆောင် တွေ ဘာလုပ်ရမှန်း မသိအောင် ဇဝေဇဝါ ဖြစ်ခဲ့ ကြရ ပါတယ်။

ဒါကြောင့် မို့ လည်း အချိန် ၁၂ နာရီ လောက် အချိန် ကို ယူခဲ့ရပြီး နောက်ဆုံးမှာတော့ စစ်တပ်ရဲ့ ထိပ်ပိုင်း ဗိုလ်ချုပ်ကြီး တွေက သူ့ကို ရာထူးကနေ ဆင်းဖို့ ဖိအား ပေးခဲ့မယ် ဆိုတာ က သေချာ ပါတယ်။

စစ်တပ် အတွင်း မှာလည်း စစ်ဗိုလ်ချုပ်ကြီး တွေက သမ္မတ မူဘာရက် ရဲ့ ဘက်က ရပ် လိုပေမယ့် ငယ်တဲ့ စစ်တပ် အရာရှိတွေက ဆန္ဒပြလူထု ကို စာနာတဲ့ သဘော တွေကို လည်း တွေ့ရ ပါတယ်။

၁၉၅၂ တုန်းက လည်း ပဒေသရာဇ် ဘုရင် စနစ် ကို ကာကွယ် လိုတဲ့ ထိပ်ပိုင်း စစ်ခေါင်း ဆောင် တွေ ရှိနေခဲ့ ပြီး အရာရှိငယ်ပိုင်း ထဲ ပါဝင်တဲ့ ဗိုလ်မှူးကြီး နာဆာ တို့ က စနစ်ဟောင်း ကို ဆန့်ကျင်ပြီး အာဏာသိမ်း ခဲ့ ကြတာပါ။

အခုလည်း စစ် ဦးစီးကောင်စီ က အာဏာ ယူထားပြီ ဖြစ်တဲ့ အတွက် အခု အီဂျစ် အရေး ဟာ လူထု တော်လှန်ရေး လဲ တပိုင်းဖြစ် သလို စစ်တပ် က အာဏာသိမ်း တာ လည်း တပိုင်း ဖြစ် တယ် လို့ သုံးသပ်ကြ ပါတယ်။

အခု အီဂျစ် ရဲ့ နိုင်ငံရေး အကြပ်အတည်း ကာလ တခုလုံး စစ်တပ် ခေါင်းဆောင် တွေ အနေ နဲ့ တဖက်ဖက် ကို မယိမ်းပဲ ကြားက နေ နေခဲ့တာ ဒါမှ မဟုတ် အဲဒီလို နေခဲ့ တဲ့ ပုံ အသွင် ဆောင် ခဲ့ပါတယ်။

အီဂျစ် စစ်တပ်ဟာ အီဂျစ် ပြည်သူတို့ လိုအပ်နေတဲ့ ဒီမိုကရေစီ ပြုပြင် ပြောင်းလဲရေး ဆီ ကို လုပ်မှာလား ဆိုတာ က တော့ ကြည့်ရ ဦးမှာပါ။

ဘာပဲဖြစ်စေ အီဂျစ် စစ်တပ် ရဲ့ အခုလို ရပ်တည်မှု က မစ္စတာ မူဘာရက်တယောက် အာဏာ ဆက်ကိုင် ထားဖို့ မဖြစ်နိုင်တော့ တဲ့ တွန်းအား တွေ ဖြစ်ခဲ့ တာတော့ အသေအချာ ပါ။